သံတူ ကြောင်းကွဲ
သမီးလေး “ငယ်”
သံတူကြောင်းကွဲလို့ အမည်တပ်လိုက်ပေမယ့် မေမေပြောချင်တာက အဓိပ္ပါယ်နှစ်ခွထွက်တဲ့ စကားလုံး Pun အကြောင်းပါ။ ဆိုရိုးရှိတဲ့ အင်္ဂလိပ်စကားလေးကတော့
Ajuggler is a wit in things. A wit is a juggler in deas and a punster is a juggler in words.တဲ့။
စကားတလုံးကို ကစားပြီး အဓိပ္ပါယ်ထွေပြားအောင် သုံးထားတာမျိုးပါ။
မြန်မာစကားထာတွေထဲမှာ စကားလုံးကို လှည့်စားထားတာလေးတွေ တွေ့ရတတ်တယ်။
ဥပမာ-ဆယ့်ခြောက်ပြည်စိုး-မင်းမျိုးတဲ့ ရာဇာ-လို့ ချီလိုက်ရင် တိုင်းပြည်ဆယ့်ခြောက်ခုကို အုပ်စိုးရတဲ့မင်းလို့ ထင်စရာဖြစ်သွားတော့၊ ဖြေမယ့်လူက အတွေးချော်သွားနိုင်တာပေါ့၊ သူ့ခမျာ ကြမ္မာမကောင်းလို့ ဦးခေါင်း ခြေလက်မပါ-ဆိုမှ တမျိုးစဉ်းစားရတော့တာ၊ ဒီနေရာမှာ ဆန်အချင်အတွယ် ပြည်တောင်းနဲ့ တိုင်းပြည်ကို တမင်မှားအောင် ဇောင်းပေးထားတာလေ။
ရှိသေးတယ်၊ “ရှမ်းငါးထောင်၊ ပလောင်ငါးသိန်း၊ ဆန်တအိတ် ဝေပေးပါ”-တဲ့၊ အမှတ်တမဲ့ဆို ဒီလာက် လူအများကြီးကို ဆန်လေးတအိတ် ဘယ်လိုဝေရပါ့မလဲလို့ ဦးနှောက်ခြောက်ချင်စရာ၊ တကယ်တော့ ငါးထောင်နေတဲ့ ရှမ်းနဲ့ ဘေးကထိုင်ပြီး ဖမ်းမိတဲ့ငါးကို သိမ်းဆည်းနေတဲ့ ပလောင်ကို ဆန်တအိတ်ဝေဆိုတော့ တဝက်စီပေါ့။
အဲသလို အသွားမျိုးလေးတွေက “ချဉ်ပေါင်ဟင်းငါးခွက်၊ ကျောင်းနှစ်ကျောင်းလှူ”တဲ့။
မေမေတို့ ငယ်ငယ်က ဘယ်လိုမှ စဉ်းစားလို့ မရဘူး။ အပိုအလို အတိအကျလဲ ဖြစ်ရမယ်။ ဟင်းခွက်ကိုလဲ တဝက် မဝက်ရဘူးပြောတာကိုး။ အဖြေက ချဉ်ပေါင်ဟင်းတခွက်၊ ငါးဟင်းတခွက်၊ တကျောင်းစီ လှူလိုက်ရုံပဲ။
နောက်တခုက “သစ်ခြောက်ပင် နွားခုနစ်ကောင် ချီ”တဲ့ ။ အဲဒါလဲ စ်းစားလိုက်ရတာ။ အဖြေမရခဲ့ဘူး။ တကယ်တော့ ခြောက်နေတဲ့ သစ်ပင်မှာ နားတွေ အကုန်စုချည်လိုက်တာ အဖြေမှန်ပါ။
ရခိုင်ကတော့ ဒီလိုမျိုးစကားထာတွေကို သင်္ချာပန်းဝှက်မှာ ထည့်ထားတယ်။ သူပမေးခါန်းမှာလဲ“ချဉ်ပေါင်ငါးခွက်၊ ဇွန်းနှစ်လက်ကို ရွှီထည့်”တဲ့။ ဒါလဲ ချဉ်ပေါင်ဟင်းတခွက် ၊ ငါးဟင်းတခွက်၊ ဇွန်းနှစ်လက်ကို ဟင်းတခွက်စီမှာ ထည့်ရုံပါပဲ။
ပြီး “ဘဲဥငါးဥ လူနှစ်ယောက်စားပြ”ဆိုတာလဲ ရှိသေးတယ်။ ဒါဆို သမီးဖြေတတ်လောက်ပြီ။
“ဝါးတထောင်မှာ ငှက်တကောင် နားပြခိုင်းတာတော့ နည်းနည်း စဉ်းစားရလိမ့်မယ်၊” တကယ့်တကယ်ကျတော့ ထောင်ထားတဲ့ဝါးမှာ ငှက်တကောင် နားရုံပါပဲ။
“ဟင်းလေးခွက်၊ ကျောင်းဘယ်နှစ်ကျောင်း လှူမလဲ”မေးခွန်းကိုတော့ ဟင်းလေးဟင်း တခွက်တည်းမို့ တကျောင်းပဲ လှူလို့ရပါတယ်။
တကယ်လဲ ထင်ယောင်ထင်မှား စိတ်ထွေပြားနိ်ုင်တဲ့ စကားအသုံးအနှုန်းနဲ့ စကားလုံးတွေ ရှိသေးတယ်။
တခါတော့ မိန်းမတယောက်က ချောင်းညာဘက်ကနေ အူယားဖားယားနဲ့ “သုံးနှစ်သားလေး ရေထဲမျောသွားလို့ ဆယ်လိုက်ကြပါ”အော်သတဲ့။ အောက်ဖက်က ရေချိုးနေသူတွေက ဆယ်မလို့ကြည့်တော့ ကလေးလဲ တယောက်မှမမြင်၊ သစ်သားချောင်းလေးတချောင်း ရေစီးနဲ့ပါလာတာတော့ ဆင်းဆယ်လိုက်တာပေါ့။ ချောင်းကမ်းပါးတလျှောက် ပြေးလိုက်လာတဲ့ မိန်းမက “အဲဒါလေးဆယ်လို့ရပြီလား၊ ကျေးဇူးပါပဲရှင်”ဆိုမှ သေချာကြည့်မိတော့ အထူ ထုနှစ်လက်မ၊ ဗျက်အကျယ် သုံးလက်မရှိတဲ့ သစ်သားချောင်းလေး ဖြစ်နေသတဲ့။ သုံးနှစ်သား ကလေးလေး ရေထဲပါတာမဟုတ်ဘဲ ၃x၂ သစ်သားချောင်း ရေထဲကျသွားတာ ဖြစ်နေတယ်။
အဲဒီလိုပဲ မိန်းမတယောက်ကလဲ သူ့ယောကျာ်း ရေနစ်တော့ “ကျွန်မယောကျာ်း ယောင်ခြောက်ဆယ် ရေနစ်နေလို့ ဆယ်ကြပါ”အော်သတဲ့။
သျှောင်ခြောက်ဆယ်တောင်ရှိတဲ့လူ မမြင်ဖူးပါဘူးလို့ လူတွေက စိတ်ဝင်စားပြီး ဝိုင်းဆယ်ကြတော့ ရိုးရိုးခေါင်းတုံးပြောင် ဖြစ်နေသတဲ့။
ဟင် သျှောင်ခြောက်ဆယ် ထင်တာ၊ သျှောင်တလုံး ထုံးလောက်အောင်တောင် ဆံပင်တမွေးမှ မရှိပါလား-ဆိုတော့
စိတ်မဆိုးပါနဲ့ ရှင်၊ ကျွန်မယောကျာ်းက အလုပ်အကိုင် မယ်မယ်ရရ မရှိဘဲ ဆေးဆရာယောင်ယောင်၊ ဂီတသမားယောင်ယောင်၊ လက်သမား ပန်းရံယောင်ယောင်မို့ ယောင်ခြောက်ဆယ် ခေါ်တာပါ-လို့ မိန်းမက ရှင်းပြသတဲ့။ ရောတိရောရာ ယောဆရာဆိုတာမျိုးပေါ့ သမီးရယ်။
အတည်ပေါက်နဲ့ ရွှန်းပြက်တဲ့ စကားတွေမှာ တွေ့ရတတ်တာက-
ကြားမိလား၊ ဟင့်အင်း ကျားမိရင် တိရစ္ဆာန်ရုံ ပို့မှာပေါ့။
ကြားလိုက်လား၊ ကျားလိုက်ရင် ပြေးတာပေါ့မောင်။
ယုံလားဟင်၊ ယုန်မဟုတ်ပေါင်၊ ကြွက်။
မိန်းမနဲ့ ယောကျာ်း ဘယ်မှာကွာသွားသလဲဆိုတော့ သူကြီးအိမ်မှာ ကွာတာပေါ့။
လမ်းကျဆို တခါမှ ပလက်ဖောင်းပေါ် မလျှောက်ထူးဘူး-ဆိုတာမျိ်ုးတွေလေ။ လူရွှင်တော်တွေရဲ့ ပြက်လုံးတွေမှာ ကြားရတတ်တယ်။
အရပ်ထဲမှာလဲ အိမ်လည်တတ်တဲ့လူကို “လယ်ဝန်”
သူ့ဆွေမျိုးမှ အကောင်းထင်တဲ့လူကို “ကိုမျိုးချစ်”ခင်မျိုးချစ်။ ကင်ပွန်းတပ်တာ ကြားဖူးမှာပေါ့။
မေမေတို့ ဘော်ဒါနေတုန်းကတောင် ပြည်က ခင်သန်းကြူ(မော်မော်)ဟာ တင်ကြီးလွန်းလို့ သူ့ကို “တင်မမနိုင်” လို့ နာမည်ပေးထားသေးတယ်။ အနွဲ့ဆိုတာတော့ ဘော်လီ ချွန်ချွန်ဝတ်တတ်လို့ “ရင်မော်မော်”တဲ့။
မေမေတို့လူတွေ မဆိုထားနဲ့ ဘုန်းတော်ကြီးတွေတောင် အချင်းချင်း ကျီစယ်ပြီး အဓိပ္ပါယ်နှစ်ခွထွက်တဲ့ စကားလုံးတွေ သုံးပြီး ကဗျာဖွဲ့ထားတာ ရှိသေးတယ်။ ဟာသ ကဗျာတွေထဲက ထင်ရှားတဲ့ ကဗျာတပုဒ် ဆိုပါတော့။ ဗန်းမော်ဆရာတော်က ထွဋ်ခေါင်ဆရာတော်ကို ကလိထားတာလေ။
* စိပ်ပုတီးနဲ့ ရိပ်မှီးတဲ့ ထွဋ်ခေါင်၊
* ဦးရွှေညို သီလချောရယ်နဲ့ တောခိုတဲ့ချောင်၊
* ခန္ဓာတောင် ရုပ်ဆောင်တဲ့ ရှင်ထွဋ်၊
* သီလဆို ဖြူဖြူဆွကို အားရအောင်ချွတ်။
ကဗျာကိုဖတ်ရတဲ့ ထွဋ်ခေါင်ဆရာတော်က--
ဘယ့်နှယ် ကိုဗန်းမော်၊ ကျုပ်ကို သီလရင်နဲ့ လှောင်သပေါ့လေ,
အရှင်ဘုရား၏ သီလ သမာဓိ စင်ကြယ်ချောမွေ့ ဖြူစင်တဲ့သဘောကို ဂုဏ်တင်ချီးမြှင့်တဲကဗျာပါဘုရား။
တော်ပါ ဗန်းမော်ရယ်၊ ငါ့ကို နှစ်စွယ်သောအဓိပ္ပါယနဲ့ နှိပ်တာ မဟုတ်လား-လို့ မိန့်တော်မူသတဲ့။ ဆရာတော်ရဲ့ သီလတရားနဲ့ မယ်သီလကို ထင်မှတ်မှားစရာ ကလောင်ကစားခဲ့တာလေ။
အင်္ဂလိပ်စာပေမှာတော့ စကားလုံး သံတူကြောင်းကွဲတွေကို အဓိပ္ပါယ်တမျိုးမျိုးထွက်အောင် ကစားပြီး သုံထားတဲ့ Pun မှာ Anambassandor is a man who lies for his country ဒီနေရာမှာ lies က ရပ်တည်သည်လို့လဲ အဓိပ္ပါယ်ရတယ်။ တိုင်းပြည်အတွက် လိမ်ညာနေသူလို့လဲ အဓိပ္ပါယ်ရတယ်။ အဲဒါကို (word-play) လို့ခေါ်တယ်။ နောက်တမျိုးရှိသေးတယ်။
what does a bet in winter do?
it splits if you don't oi it.
မေးခွန်းကြည့်လိုက်တော့ လင်းနို့ဖြစ်မယ် ထင်ရတယ်။ အဖြေက ဘောလုံးရိုက်တန် ဖြစ်နေတယ်။
အသံတူပေမယ့် စားလုံးပေါင်းလွဲရင် အဓိပ္ပါယ်လွဲသွားတတ်တာကြောင့် မြန်မာစာမှာ “ခွဲထားသတ်ပုံ” ဆိုပြီး ကျမ်းတစောင် ပြုစုခဲ့ကြတယ်။
အင်္ဂလိပ်စာမှာ အသံတူပြီး စာလုံးပေါင်းကွဲတာ
(ဥပမာ-Son နဲ့ Sun) အသံတူ စားလုံးပေါင်းတူလျက်နဲ့ အဓိပ္ပါယ်အမျိုးမျိုး ရှိနေတာ၊
(ဥပမာ watch (နာရီ)၊ watch(ကင်းစောင့်၊ စောင့်ကြည့်သည်) စာလုံးပေါင်းတူပါလျက်နဲ့ အဓိပ္ပါယ်အရ အသံကွဲပြားသွားတာ ဥပမာ tear(မျက်ရည်) tear(ဆုတ်ဖြဲသည်)၊
bow (လေး)နဲ့ bow-(ဦးညွတ်သည်)၊
ဆိုတာမျိုးအတွက် သီးခြားအခေါ်အဝေါ်တွေရှိတယ်။
ကလေးတွေအတွက် English Language လေ့ကျင့်သင်ကြားရာမှာသုံးတဲ့ “Knock, Knowk, who? ဆိုတာထဲမှာ အဲလို စကားလုံး၊ အသံ၊ အဓိပ္ပါယ် ကစားထာတွေ အများကြီး တွေ့ရတယ်။ သမီးတို့ ရှာဖတ်ကြည့်နော်။
သမီးလေးရဲ့ မေမေ။
နတ်မောက်-အနီချို
(လုံမလေး ၂၀၀၆-ခု နိုဝင်ဘာလ)