စည်း​နဲ့​ ကမ်း​နဲ့​ မြန်မာစာ

ညီ​လေး​---
အရင်တ​လောက ကိုကြီး​ရေး​လိ်ုက်တဲ့​ အကဲခတ်နဲ့​ အကဲခပ်-အ​ကြောင်း​ စာထဲမှာ စုတူသတ်စနစ်-အ​ကြောင်း​ ပါသွား​တော့​ ညီ​လေး​က စိတ်ဝင်စား​ပြီး​ နည်း​နည်း​လောက် ချဲ့​ပြီး​ရှင်း​ပြ​ပေး​ပါလို့​ ​တောင်း​ဆိုလာလို့​ ဒီစာကို ဆက်​ရေး​လိ်ုက်တာပါ။ စုတူသတ်စနစ်-အ​ကြောင်း​ ညီ​လေး​ စိတ်ဝင်စား​တာ ဝမ်း​သာပါတယ်။ ညီ​လေး​ စာစိတ်​ပေစိတ် ဝင်လာတာကို ချီး​ကျူး​ကြိုဆိုပါတယ်။

တကယ်​တော့​ စုတူသတ်စနစ်-ဆိုတာ ကိုကြီး​ပေး​ထား​တဲ့​ နာမည်ပါ။ နာမည်ကိုသာ ​ပေး​တာ​နော်။ ဒီစနစ်က​တော့​ မြန်မာစကား​၊​ မြန်မာစာမှာ နဂိုကတည်း​က ရှိပြီး​သား​စနစ်ပါ။ စနစ်နာမည် တပ်လို့​ပဲ ဖြစ်ဖြစ်၊​ စနစ်နာမည် မတပ်ဘဲပဲ ဖြစ်ဖြစ် ဒီစနစ်ကို သုံး​နေကြပါတယ်။ ဒီစနစ်ကလည်း​ မြန်မာစကား​၊​ မြန်မာစာမှာ စာလုံး​ပေါင်း​သတ်ပုံ မှန်ကန်ဖို့​နဲ့​ အနက်အဓိပ္ပါယ်ကို သိဖို့​ အလွန်​ကောင်း​တဲ့​ စနစ် ဖြစ်​နေတာကိုး​။ ဆရာ​တော် ဦး​ကောသလ္လက​တော့​ ဗြဟ္မနိရုတ္တနယသင်္ဂဟ ​ခေါ် မြန်မာစာလုံး​ပေါင်း​ ​ပြောင်း​ထုံး​ကျမ်း​ (၁၉၈၅) မှာ အက္ခရာ ဖိုမ ​ပြောင်း​လဲခြင်း​လို့​ ​ခေါ်ထား​လေရဲ့​။

စုတူသတ်စနစ်-လို့​ နာမည်​ပေး​ရတဲ့​အ​ကြောင်း​က စပြီး​ ရှင်း​ပြပါမည်။ မြန်မာစာမှာ အသတ် ဆယ်ပါး​ ရှိတာကို ညီ​လေး​သိပါတယ်။
က-သတ်၊​
င-သတ်၊​
စ-သတ်၊​
ည-သတ်၊​
တ-သတ်၊​
န-သတ်၊​
ပ-သတ်၊​
မ-သတ်၊​
ယ-သတ်၊​
၀-သတ် ဆိုတာ​တွေ​ပေါ့​။ ဒါက ​ရှေး​အစဉ်အလာ သတ်မှတ်ခဲ့​ကြတဲ့​ မြန်မာအသတ် ဆယ်ပါး​၊​

အခု သတ်မှတ်ထား​တာလည်း​ အသတ်ဆယ်ပါး​ပဲ။ အဲဒါ​တွေက​တော့​
က-သတ်၊​
င-သတ်၊​
စ-သတ်၊​
ဉ-သတ်၊​
ည-သတ်၊​
တ-သတ်၊​
န-သတ်၊​
ပ-သတ်၊​
မ-သတ်၊​
ယ-သတ် ဆိုတာ​တွေပါ။ ​ရှေး​အစဉ်အလာ မြန်မာအသတ်ဆယ်ပါး​ထဲမှာ ၀-သတ်ပါတယ်။ ဉ-သတ် မပါဘူး​။
အခုသတ်မှတ်တဲ့​ အသတ် ဆယ်ပါး​မှာ​တော့​ ၀-သတ် မပါဘူး​။ ဉ-သတ် ပါတယ်။ ဆယ်ပါး​တော့​ ဆယ်ပါး​ချည်း​ပဲ။

မြန်မာမှာ-
က-ခ-ဂ-ဃ-င=ဆိုတဲ့​ က-ဝဂ် ဗျည်း​ ၅-လုံး​။
စ-ဆ-ဇ-ဈ-ည=ဆိုတဲ့​ စ-ဝဂ် ဗျည်း​ ၅-လုံး​။
ဋ-ဌ-ဍ-ဎ-ဏ=ဆိုတဲ့​ ဋ ဝဂ် ဗျည်း​ ၅-လုံး​။
တ-ထ-ဒ-ဓ-န=ဆိုတဲ့​ တ ဝဂ် ဗျည်း​ ၅-လုံး​။
ပ-ဖ-ဗ-ဘ-မ=ဆိုတဲ့​ ပ ဝင်္ဂ ဗျည်း​ ၅-လုံး​။ ရယ်လို့​ ဝဂ်ဗျည်း​ ၂၅-လုံး​ ရှိတယ်ဆိုပြီး​ ​ပြော​လေ့​ရှိပါတယ်။
ဒါ​ပေမဲ့​ ဋ-ဝဂ်ဗျည်း​ ၅-လုံကို​တော့​ ပါဠိဗျည်း​သက်သက်ဖြစ်လို့​ ချန်ထား​ရပါတယ်။ အဲဒီ​တော့​ မြန်မာမှာ ဝဂ်-ဗျည်း​ (၂၀) ရှိပါတယ်ဆိုပါစို့​၊​ (သဒ္ဒ​ဗေဒသ​ဘောအရ မြန်မာဗျည်း​တွေအ​ကြောင်း​ အလျဉ်း​သင်း​တဲ့​အခါ ရှင်း​ပြပါဦး​မယ်)။ အဲဒီဝဂ်-ဗျည်း​ (၂၀)မှာ မြန်မာမှုအရ အသတ်ဗျည်း​တွေက ၈-လုံး​ရှိပါတယ်။

အဲဒါ​တွေက​တော့​---
က-ဝဂ်မှာ က-သတ် နဲ့​ င-သတ်၊​ ဝဂ်တူ၊​ အစုတူ၊​
စ-ဝဂ်မှာ စ-သတ် နဲ့​ ည-သတ်၊​ ဝဂ်တူ၊​ အစုတူ။
တ-ဝဂ်မှာ တ-သတ် နဲ့​ န-သတ်၊​ ဝဂ်တူ၊​ အစုတူ။
ပ-ဝဂ်မှာ ပ-သတ် နဲ့​ မ-သတ်၊​ ဝဂ်တူ၊​ အစုတူ။ တို့​ဖြစ်ပါတယ်။
စ-ဝဂ်က ည-သတ်ဆိုတာမှာ ဉ-က​လေး​သတ်နဲ့​ ည-ကြီး​သတ်ဆိုတဲ့​ နှစ်မျိုး​လုံး​ကိ်ု ထည့်​ရပါတယ်။

အဲဒီလိုဆိုရင်​တော့​ မြန်မာမှုအရ အသတ်ဗျည်း​ ၉-လုံး​ပေါ့​။
က-သတ်၊​
င-သတ်၊​
စ-သတ်၊​
ဉ-က​လေး​သတ်၊​
ည-ကြီး​သတ်၊​
တ-သတ်၊​
န-သတ်၊​
ပ-သတ်၊​
မ-သတ် ဆိုတာ​တွေပါပဲ။

ဒီလိုဆို​တော့​ က-ဝဂ် က-အစုမှာ က-နဲ့​ င ဝဂ်တူ၊​ အစုတူတာမို့​ က-သတ်နဲ့​ င-သတ်က စုတူသတ်​ပေါ့​။
အဲဒီလိုပဲ စ-ဝဂ်မှာ စ-သတ်နဲ့​ ဉ-က​လေး​၊​ ည-ကြီး​သတ်တို့​က စုတူသတ်။
တ-ဝဂ်မှာ တ-သတ်နဲ့​ န-သတ်တို့​က စုတူသတ်၊​
ပ-ဝဂ်မှာ ပ-သတ်နဲ့​ မ-သတ် တို့​က စုတူသတ်​တွေပဲ။
ဒီ​နေရာမှာ ညီ​လေး​ကို ထပ်မှာချင်တာက​တော့​ မ-သတ်နဲ့​ ​သေး​သေး​တင်ကလည်း​ တူတာမို့​ ပ-သတ်နဲ့​ ​သေး​သေး​တင်ကိုလည်း​ စုတူသတ်လို့​ ဆိုနိုင်ပါတယ်။
တနည်း​ပြောရရင်​တော့​ ပ-သတ်နဲ့​ မ-သတ်၊​ သို့​မဟုတ် ​သေး​သေး​တင်​ပေါ့​။

ညီ​လေး​ ထပ်ပြီး​မှတ်သား​စရာ​တွေ ရှိ​သေး​တယ်​နော်၊​ အဲဒါက​တော့​
က-သတ် ၃-လုံး​၊​
င-သတ် ၉-လုံး​၊​
စ-သတ် ၁-လုံး​၊​
ဉ-က​လေး​သတ် ၃-လုံး​၊​
ည-ကြီး​သတ် ၃-လုံး​၊​
တ-သတ် ၃-လုံး​၊​
န-သတ် ၉-လုံး​၊​
ပ-သတ် ၃-လုံး​၊​
မ-သတ် ၉-လုံး​ ရှိတယ်ဆိုတာပါပဲ။

အဲဒီမှာ က-သတ်၊​
စ-သတ်၊​
တ-သတ်၊​
ပ-သတ်၊​ ( က-စ-တ-အသတ်) ​တွေကို ​ရှေး​က​တော့​ တိုင်သံ-လို့​ခေါ်ကြတယ်။ သက်​အောင့်​သံ-လို့​လဲ ​ခေါ်ကြ​သေး​တယ်။ သံရပ် သရ​တွေကို ဖြစ်​စေတာမို့​ ရပ်သံ-လို့​လည်း​ ​ခေါ်မှာ​ပေါ့​လေ။ ဉ-က​လေး​သတ်၊​ ည-ကြီး​သတ်၊​ န-သတ်၊​ မ-သတ် (င-ဉ-ည-န-မ-အသတ်​တွေ) ​တွေကို​တော့​ နှာသံ-လို့​ ​ခေါ်ပါတယ်။

အခု အကိုကြီး​ပြော​နေတဲ့​ က-သတ်၊​ စ-သတ်၊​ တ-သတ်၊​ ပ-သတ်​တွေနဲ့​ င-သတ်၊​ ဉ-က​လေး​သတ်၊​ ည-ကြီး​သတ်၊​ န-သတ်၊​ မ-သတ် ဆိုတာ​တွေဟာ ဝဂ်ဗျည်း​၊​ အစုဗျည်း​တွေမှာ ဝဂ်တူ၊​ အစုတူ အသတ်ချင်း​ အနက်နှီး​နွှယ် ဆက်စပ်တယ်၊​
အနက်တူဆိုတာကို ​ပြောချင်လို့​ ဝဂ်တူသတ်၊​ ဒါမှမဟုတ် စုတူသတ် စနစ်လို့​ ​ခေါ်လိုက်တာပါပဲ။ ပိုပြီး​မှတ်မိသွား​အောင် ထပ်ပြီး​ ဇယား​ချကြည့်​လိုက်ကြရ​အောင်လား​။

ပထမက္ခရာသတ်၊​ ဝဂ္ဂန္တအက္ခရာသတ်................................ ဝဂ်အမည်(အစုအမည်)..မှတ်ချက်
သက်​အောင့်​သံ...သံရှည်.....သံတို.....သံ​လေး​....................
အက်.................အင်.........အင့်​.......အင်း​.......................က-ဝဂ်......အနက်နှီး​နွှယ်(သို့​) အနက်တူ
​အောက်.............​အောင်.....​အောင့်​...​အောင်း​...................က-ဝဂ်........................။
အိုက်.................အိုင်.........အိုင့်​.......အိုင်း​.......................က-ဝဂ်........................။
အစ်...................အဉ်........အဉ့်​........အဉ်း​......................စ-ဝဂ်..........................။
.........................အည်......အည့်​......အည်း​.....................စ-ဝဂ်..........................။
အတ်.................အန်........အန့်​.......အန်း​........................တ-ဝဂ်........................။
အိတ်.................အိန်........အိန့်​.......အိန်း​........................တ-ဝဂ်........................။
အုတ်.................အုန်........အုန့်​.......အုန်း​........................တ-ဝဂ်........................။
အပ်..................အမ်(အံ)..အမ့်​(အံ့​)..အမ်း​.......................ပ-ဝဂ်.........................။
အိပ်..................အိမ်........အိမ့်​.........အိမ်း​.......................ပ-ဝဂ်.........................။
အုပ်.................အုမ်(အုံ)..အုမ့်​(အုံ့​)...အုမ်း​(အုံး​) ...............ပ-ဝဂ်.........................။

အဲဒီ​တော့​ ဇယား​ကိ်ုကြည့်​တာနဲ့​
က-ဝဂ် က-အစု၊​
စ-ဝဂ် စ-အစုမှာ အစ်နဲ့​ အဉ်၊​ အဉ့်​၊​ အဉ်း​-မှာ အက်-နဲ့​ အင်၊​ အင့်​၊​ အင်း​၊​
​အောက် နဲ့​ ​အောင်၊​ အည်၊​ အည့်​၊​ အည်း​ တို့​ အနက်အဓိပ္ပါယ် နှီး​နွှယ်
​အောင့်​၊​ ​အောင်း​၊​ အိုက်နဲ့​ အိုင်၊​ အိုင့်​၊​ အိုင်း​-တို့​ ဆက်စပ်တယ်၊​ တူညီတယ်။

တ-ဝဂ် တ-အစုမှာ အနက်အဓိပ္ပါယ် နှီး​နွှယ်ဆက်စပ်တယ်၊​ တူညီတယ်။
အတ် နဲ့​ အန်၊​ အန့်​၊​ အန်း​၊​
အိတ် နဲ့​ အိန်၊​ အိန့်​၊​ အိန်း​။
အုတ် နဲ့​ အုန်။ အုန့်​၊​ အုန်း​ တို့​ အနက်အဓိပ္ပါယ် နှီး​နွှယ်ဆက်စပ်တယ်၊​ တူညီတယ်။

ပ-ဝဂ် ပ-အစုမှာ
အပ် နဲ့​ အမ်၊​ အမ့်​၊​ အမ်း​၊​ (အံ၊​ အံ့​)
အိပ် နဲ့​ အိမ်၊​ အိမ့်​၊​ အိမ်း​၊​ နဲ့​ အုမ်၊​ အုမ့်​၊​ အုမ်း​ (အုံ၊​ အုံ့​၊​ အုံး​)
အနက်အဓိပ္ပါယ် နှီး​နွှယ်ဆက်စပ်တယ်၊​ တူညီတယ် ဆိုတာ​တွေကို သိနိုင်​လောက်တယ်ထင်ပါရဲ့​။

အဲဒီ "စုတူသတ်"စနစ်ကို သိရင် စုတူသတ်ရဲ့​ သ​ဘောသဘာဝကို သိရင် မြန်မာစာမှာ အထူး​သဖြင့်​ အသတ်အလတ်ကိစ္စမှာလည်း​ ပိုင်-မယ်၊​ မြန်မာစာ မြန်မာစကား​ရဲ့​ အနက်အဓိပ္ပါယ်အရာမှာလဲ နိုင်-မယ်လို့​ ​ပြောနိုင်မယ် ထင်ပါတယ်။
အကဲခတ် နဲ့​ အကဲခပ် အ​ကြောင်း​ပြောတုန်း​က အကဲခတ်-ကို တ-သတ် ခတ် နဲ့​ရေး​မှ သင့်​တယ်။ မှန်တယ် ဆိုတာဟာ အကဲခတ်-ကို အကဲခန့်​-နဲ့​ ဖလှယ်ပြီး​ အကဲကို ခန့်​မှန်း​တယ်ဆိုတဲ့​ အနက်အဓိပ္ပါယ်ရတယ်ဆိုတာ အ​ခြေခံပြီး​ ​ပြောခဲ့​တာပဲ။

အကဲကို ခန့်​မှန်း​တယ်၊​ အကဲခန့်​တယ်၊​ အကဲခတ်တယ်​ပေါ့​၊​ အကဲကို တီး​ခတ်၊​ တီး​ခေါက်တဲ့​အနက်နဲ့​ ကြံရင်လည်း​ အကဲခတ်-လို့​ တ-သတ် ခတ်နဲ့​ ​ရေး​ရမှာပဲ မဟုတ်လား​။
ကဲ စုတူသတ် စနစ်ဟာ မြန်မာစာမှာ စာလုံး​ပေါင်း​သတ်ပုံနဲ့​ အနက်အဓိပ္ပယ် ဆိ်ုင်ရာ​တွေမှာ တနည်း​ပြောရရင် မြန်မာစာမှာ အ​ရေး​နဲ့​အနက် မှာ ဘယ်​လောက်အသုံး​ဝင် အရာ​ရောက်သလဲဆိုတာ သာဓက​လေး​တွေနဲ့​ ကြည့်​လိုက်ကြရ​အောင်၊​ က-သတ်နဲ့​ င-သတ်က စလိုက်ကြတာ​ပေါ့​။

က-သတ်မှာ အက်၊​ ​အောက်၊​ အိုက် လို့​ က-သတ် ၃-လုံး​ရှိတယ်​နော်။
င-သတ်က​တော့​ အင်၊​ အင့်​၊​ အင်း​၊​ ​အောင်၊​ ​အောင့်​၊​ ​အောင်း​၊​ အိုင်၊​ အိုင့်​၊​ အိုင်း​ ရယ်လို့​ ၉-လုံး​ရှိ​ပေါ့​။
အက် > < အင်၊​ အင့်​၊​ အင်း​ က-သတ် အက် ကာရန်နဲ့​ င-သတ် အင်၊​ အင့်​၊​ အင်း​ ကာရန်​တွေ အနက်နှီး​နွှယ် ဆက်စပ်တာ၊​ အနက်တူတာကို သာဓက​လေး​တွေနဲ့​ ရှင်း​ပြပါမယ်။

မြန်မာစာ၊​ မြန်မာစကား​မှာ ​လေ့​ကျက်၊​ ​လေ့​ကျင့်​-ဆိုတာ စကား​နှစ်လုံး​ရှိတာ ညီ​လေး​သိပြီး​သား​ပါ။ အဲဒီစကား​နှစ်လုံး​ဟာ မူလအနက်အား​ဖြင့်​တော့​ တသ​ဘောတည်း​ပါ။ ကျက် နဲ့​ ကျင့်​က က-သတ်နဲ့​ င-သတ် စုတူသတ်​လေ။ တဆက်တည်း​ တစပ်တည်း​ တဝဲလည်လည်၊​ ဖန်တလဲလဲ ပြုလုပ်တဲ့​ အနက်ရှိတယ်။ (စာ)ကျက်တယ်ဆိုတာ (စာကို) နှုတ်တက်ရ​အောင် စွဲမြဲမှတ်မိ​အောင် ထပ်တလဲလဲ ကြိမ်ဖန်များ​စွာ ရွတ်ဆိုတာပဲ။ ကျင့်​တယ်ဆိုတာလည်း​ အမှုလုပ်တခုခုကို ကျွမ်း​ကျင်​အောင် ထပ်တလဲလဲ ပြုမူတာပဲ မဟုတ်လား​။ မူလအနက် သ​ဘောတူတူပဲ​နော်။ ဒါ​ပေမဲ့​ အသုံး​အနှုန်း​အရ ​လေ့​ကျက် နဲ့​ ​လေ့​ကျင့်​ဟာ ရိုး​တိုး​ရိပ်တိပ်​တော့​ အနက်ရိပ်ပြား​တာကို မှတ်ထား​ဖို့​ကောင်း​တယ်။

မြန်မာစာအဖွဲ့​က ပြုစုတဲ့​ မြန်မာအဘိဓာန်မှာ ​လေ့​ကျက်ကို-စွဲမြဲ​အောင် အကြိမ်ကြိမ် ကြည့်​ရှုမှတ်သား​သည်-လို့​ ဖွင့်​ပြီး​ ​လေ့​ကျင့်​ကို​တော့​ စွမ်း​ရည်တိုး​အောင် အထပ်ထပ် အား​ထုတ်သည်-လို့​ ဖွင့်​ထား​လေရဲ့​။ ဒီ​နေရာမှာ ​လေ့​ကျက်နဲ့​ ​လေ့​ကျင့်​ ကို အချို့​က အနက်တူလို့​တောင် ယူတတ်ကြတယ်။ အနက်တူ-လို့​ မယူဘဲ အနက်နှီး​နွှယ် ဆက်စပ်​လောက်နဲ့​ဆိုရင် သင့်​မယ်ထင်ပါတယ်။
ကွက် နဲ့​ ကွင်း​လည်း​ စုတူသတ် အနက်တူဆိုတာ ညီ​လေး​ ​တွေး​မိပြီထင်ပါတယ်။ ကွက်​ရော ကွင်း​ပါ တဆက်တည်း​ တစပ်တည်း​ဖြစ်တဲ့​ အနက်ရင်း​ကို အ​ခြေခံတာပဲ။ အကွက် နဲ့​ အကွင်း​၊​ လယ်ကွက် နဲ့​ လယ်ကွင်း​၊​ ကွက်ကွက် နဲ့​ ကွင်း​ကွင်း​ တို့​က​တော့​ က-သတ်၊​ င-သတ် အနက်တူတယ်ဆိုတာ ​ပေါ်လွင်တဲ့​ သာဓက​တွေပါ။ ​သွေကွက်က ကွက်နဲ့​ ​ကွေကွင်း​က ကွင်း​တို့​ အနက်တူကိုလည်း​ စဉ်း​စား​ကြည့်​နိုင်ပါတယ်။ ​သွေကွက်က ကွက်ဟာ ​သွေသွား​၊​ ဖည်သွား​၊​ ကွင်း​သွား​တာပဲ မဟုတ်လား​။

ခက် နဲ့​ ခင်လည်း​ စုတူသတ်၊​ အနက်တူပဲ ညီ​လေး​။ အနက်ရင်း​က​တော့​ ဆက်စပ်ပူး​ယှဉ် ​နှောင်ဖွဲ့​တွဲချည်တဲ့​အနက်ပဲ။ ကြိုး​၊​ ကြိမ် တမျိုး​မျိုး​နဲ့​ ပူး​တွဲချည်ဖွဲ့​တာကို ကြိုး​နဲ့​ခက်တယ်။ ကြိမ်နဲ့​ ခက်တယ်လို့​ ​ပြောတာ ညီ​လေး​သိပါတယ်​နော်။ ချည်မျှင်​တွေကို ​ပေါင်း​စည်း​ဖွဲ့​ယှက် တွဲဖွဲ့​ထား​လိုက်ရင် ချည်ခင်မဖြစ်​ပေ ဘူး​လား​။ ခက်နဲ့​ ခင် အနက်တူတာ ထင်ရှား​ပါတယ်။ တဦး​နဲ့​တဦး​ သံ​ယောဇဉ်ကြိုး​နဲ့​ ချည်ထား​၊​ ​နှောင်ထား​၊​ ဖွဲ့​ထား​၊​ ခက်ထား​တာကို ခင် တယ်လို့​ပြောတာလည်း​ အလား​တူပဲ​ပေါ့​။ တွက်ချက်တယ်၊​ ချင့်​တွယ်တယ်၊​ ချင့်​ချိန်တယ် ဆိုတဲ့​ စကား​တွေမှာ ချက်နဲ့​ ချင့်​ အနက်ရင်း​တူတာကို သိနိ်ုင်ပါတယ်။ ဂဏန်း​ပုစ္ဆာရဲ့​ အ​ဖြေကို ရှာတာကိုလည်း​ တွက်ချက်တယ်လို့​ ဆိုတယ်။ တွက်ဆတဲ့​သ​ဘော၊​ မှန်း​ဆတဲ့​ သ​ဘော၊​ ချင့်​ချိန်တဲ့​ သ​ဘောမှာလည်း​ တွက်ချက်ကို သုံး​ပါတယ်။ ချင့်​ချိန်တယ်ဆိုတာက​တော့​ ​ကောင်း​-မ​ကောင်း​၊​ သင့်​-မသင့်​ အစရှိတာကို တိုင်း​ဆ ဆင်ခြင်တာပါပဲ။ ချက်နဲ့​ ချင့်​ဟာ စုတူသတ်၊​ အနက်တူ​ပေါ့​။

ခွက်ရဲ့​ အနက်က မျက်နှာပြင် ချိုင့်​ဝှမ်း​တဲ့​ အနက်ဖြစ်ပါတယ်။ ပက်လက်အ​နေအထား​၊​ ပက်လက်အ​နေအထား​မှာ ချိုင့်​ဝှမ်း​တဲ့​သ​ဘောပါ။ ခွင်ရဲ့​ အနက်ကလည်း​ ​ကွေး​တာ​ကောက်တာ၊​ ချိုင့်​ဝှမ်း​သ​ဘောမျိုး​ ဖြစ်တာပါပဲ။ ​ဒေါင်လိုက်အ​နေအထား​၊​ မတ်မတ် အ​နေအထား​မှာ ​ကွေး​တာကိုင်း​တာမျိုး​ပါ။ ဒါ​ကြောင့်​ ​ခြေ​ထောက် နည်း​နည်း​ကွေး​တာကို ​ခြေခွင်တယ်၊​ ခွင်တယ်လို့​ ဆိုကြတာပဲ။
ဒိုး​-ကစား​တဲ့​အခါ ဒိုး​စိုက်ဖို့​ တွင််း​ရာက​လေး​၊​ အခွက်က​လေး​ လုပ်ထား​ရတယ် မဟုတ်လား​။ အဲဒီအခွက်က​လေး​ကို ခွင်လို့​ ​ခေါ်တာ ညီ​လေး​သိပါတယ်။ ခွက်နဲ့​ ခွင် စုတူသတ်​ပေါ့​။ ချိန်ခွင်မှာ ခွင်ရဲ့​ အနက်ကို သိချင်ရင်လည်း​ အလွယ်က​လေး​ပါ။ င-သတ်ကို က-သတ်နဲ့​ ဖလှယ်လိ်ုက်ရုံပါပဲ။ ခွင် ဆိုတာ ခွက်နဲ့​ အတူတူပဲလို့​ သိသွား​တာ​ပေါ့​။

အသား​အ​ရေ ​ချော​မွေ့​နူး​ညံ့​တာမျိုး​၊​ အဆိုအက အ​ရေး​အသား​ ​ပြေပြစ်တာမျိုး​ကို ညက်တယ်လို့​ ​ပြောကြတယ်။ အ​ပြောအဆို၊​ အပြုအမူ ညက်​ညောတာကို ညင်သာတယ်လို့​ ဆိုတယ်​လေ။ ညက်​ညောက ညက်နဲ့​ ညင်သာက ညင်ဟာ စုတူသတ် အနက်တူပါပဲ။ ​လေပြည်​လေညင်း​ဆိုတာ ညက်ညက်​ညော​ညော၊​ ညင်ညင်သာသာ၊​ ညင်း​ညင်း​ပျောင်း​ပျောင်း​၊​ ညင်း​ညင်း​ပျပျ၊​ တိုက်တဲ့​လေကို ​ခေါ်တယ်။ ညက်​ညော၊​ ညင်သာ၊​ ညင်း​ပျောင်း​ ညင်း​ပျ တို့​မှာပါတဲ့​ ညက်၊​ ညင်၊​ ညင်း​ တို့​ စုတူသတ်၊​ အနက်တူပဲ​နော်။ ​လေပြည်​လေညင်း​လို့​ ​ရေး​တဲ့​အခါ ညင်း​မှာ ဟထိုး​ ပါ-မပါ သိချင်ရင် ညက်နဲ့​ ဖလှယ်ကြည့်​၊​ တိုက်ဆိုင်ကြည့်​လို့​ ရပါတယ်။ ည-မှာ ဟထိုး​ မပါ​တော့​ ညင်း​မှာလည်း​ ဟ-ထိုး​ မပါရဘူး​ပေါ့​။ စာလုံး​ပေါင်း​ သတ်ပုံကိုလည်း​ မှန်​စေတဲ့​ စုတူသတ် စနစ်​ပေ။

အရာဝတ္ထုတခုရဲ့​ မျက်နှာပြင် အနံကို ဗြက်လို့​ ​ခေါ်တယ်။ ဗြက်ရဲ့​ ရင်း​မြစ်သ​ဘောကိုလည်း​ မသိ၊​ စုတူသတ်စနစ်နဲ့​လည်း​ မချိန်မိသူ​တွေက ဗျက်လို့​ မှား​ရေး​တတ်ကြသည်။ တကယ်​တော့​ မျက်နှာပြင်၊​ ​မြေပြင်၊​ ​ရေပြင်လို ပြင်၊​ အပြင်နှင့်​ ဆက်နွှယ်စဉ်း​စား​ကြည့်​ရင် အနက်အဓိပ္ပါယ်လည်း​ သိ၊​ စာလုံး​ပေါင်း​သတ်ပုံလည်း​ သိသွား​နိ်ုင်ပါတယ်။ ပြင်ကိုပဲ ပြက်လို့​ ဖလှယ်လိ်ုက်ပါ။ ပြက်ကို အသံစွဲအ​ရေး​နဲ့​ ​ရေး​ရင် ဗြက်ပဲ​ပေါ့​။ ဗြက်ဆိုတာ ​ရေပြင်၊​ ​မြေပြင်၊​ မျက်နှာပြင်တို့​က ပြင်နဲ့​ အနက်တူတာကို သိရင် ဗြက်လို့​ ရရစ်နဲ့​ ​ရေး​တာကိုလည်း​ ဘဝင်ကျကျ လက်ခံနိုင်တာ​ပေါ့​။

မက်​မော၊​ တပ်မက်၊​ စွဲမက်တို့​မှာပါတဲ့​ မက်ဟာ ခုံမင်၊​ ခင်မင်တို့​မှာပါတဲ့​ မင်နဲ့​ အနက် မတူ​ပေဘူး​လား​။ မက်ကလည်း​ စွဲလမ်း​တွယ်တာတဲ့​ အဓိပ္ပါယ်၊​ မင်ကလည်း​ စွဲလမ်း​တွယ်တာတဲ့​ အဓိပ္ပါယ်ပဲ​လေ။ ခုံမင်နဲ့​ ခုပ်မက်တို့​က မင်ကာနဲ့​ မက်ကာ တူသလို၊​ ခုံတာနဲ့​ ခုပ်တာလည်း​ အတူတူပါပဲ။ ခင်မင်တယ်၊​ ခင်မက်တယ်လို့​ ပရိယာယ်အ​နေနဲ့​ သုံး​တာလည်း​ ညီ​လေး​သိမှာပါ။ ဦး​ယာရဲ့​ အဲချင်း​တပုဒ်မှာ ဟက်လက်ကယ်တဲ့​ ဟာလာ။ အသည်း​လှိုက်ဆူ၊​ မယ့်​ကြင်သူငယ်​ကြောင့်​၊​ လွမ်း​ပူဆာလို့​လေ-ဆိုတဲ့​ စာ​လေး​ကို ​တွေ့​တော့​ ဪ-ဟက်လက် ဆိုတာ ဟင်း​လင်း​ပါပဲကလား​လို့​ ​တွေး​မိပြီး​ စုတူသတ်စနစ်ကို အ​တော် ​ကျေး​ဇူး​တင်မိတယ်။

စာလည်း​ အ​တော်ရှည်သွား​ပြီ။ ​နောက်မှ ဆက်​ရေး​လိုက်ပါမယ်။ စိတ်ရှည်ရှည်၊​ ဇွဲကြီး​ကြီး​နဲ့​သာ ဆက်ဖတ်ဖို့​ အား​ခဲထား​ပေတာ့​။
မြန်မာစာကို ချစ်မြတ်နိုး​တတ်ပါ​စေ။
ကိုကြီး​

ထွန်း​တင့်​
(မြဝတီမဂ္ဂဇင်း​ ၂၀၀၁-ခု ဇန်နဝါရီလ)

0 responses to “ စည်း​နဲ့​ ကမ်း​နဲ့​ မြန်မာစာ ”

Leave a Reply