မြန်မာစာပေသည် ကျေးဇူးတရား သိတတ်မှုဖြင့် စတင်ခဲ့သည်
ဒီစကားဟာ မှတ်သားလောက်တဲ့စကား ဖြစ်ပါတယ်။ ဒီစကားကိုမိန့်ကြားတဲ့ပုဂ္ဂိုလ်က ဆရာကြီး ဦးဖေမောင်တင် ဖြစ်ပါတယ်။ ဆရာကြီးရဲ့နာမည်ကို ကြားဖူးမယ်ထင်ပါတယ်။ ကိုလိုနီခေတ်တုန်းက မြန်မာစာ သိမ်ငယ်နိမ့်ကျပြီး တက္ကသိုလ်မှာ "ယူချင်ယူ၊ မယူချင်လည်းရတယ်"ဆိုတဲ့ အခြေအနေမျိုးမှာ ဆရာကြီးဟာ တက္ကသိုလ်က အင်္ဂလိပ်အာဏာပိုင်တွေကို အတိုက်အခံလုပ်ပြီး မြန်မာစာပေ ဖွံ့ဖြိုးရေး အတွက် ဆောင်ရွက်ခဲ့တာပါ။ ဆရာကြီးရဲ့ ဦးဆောင်မှုကြောင့် မြန်မာစာပေဟာ တက္ကသိုလ်မှာ ဂုဏ်ထူးတန်း၊ မဟာဝိဇ္ဇာတန်းအထိ သင်ယူနိုင်တဲ့ အခြေအနေကို ရောက်ခဲ့ပါတယ်။ အဲဒီ ဆရာကြီး ဦးဖေမောင်တင်-ဟာ ၁၃၃၄-ခု နတ်တော်လဆန်း ၁-ရက် (၆-၁၂-၇၂) စာဆိုတော်နေ့မှာ မန္တလေးအထက် မြန်မာနိုင်ငံ စာရေးဆရာအသင်းကကျင်းပတဲ့ စာပေပညာရှင်ကြီးများ ကန်တော့ပွဲအခမ်းအနားကို ပေးပို့တဲ့ ဩဝါဒအမှာစာမှာ အဲဒီစကားကို ရေးသားမိန့်ဆိုခဲ့တာပါ။ မြန်မာစာပေအစဟာ ကျေးဇူးတရားသိတတ်မှုနဲ့ စတယ်-လို့ ဆရာကြီးက မိန့်ဆိုခဲ့ပါတယ်။
ဆရာကြီးဟာ ရာဇကုမာရ်ကျောက်စာ (မြစေတီကျောက်စာ) ကို ရည်ညွှန်းပြီး ဒီစကားကို မိန့်ဆိုခဲ့တာပါ။ အဲဒီကျောက်စာဟာ ခုအထိ တွေ့ရသမျှ သက္ကရာဇ်အခိုင်အမာပါတဲ့ အစောဆုံးမြန်မစာဖြစ်တယ်လို့ ပညာရှင်များ လက်ခံကြပါတယ်။ မြန်မာသက္ကရာဇ် ၄၇၄-ခု (ခရစ်နှစ် ၁၁၁၂) မှာ ရေးထိုးတာပါ။ ရေးထိုးတဲ့အကြောင်းအရာက ရာဇကုမာရ်ဆိုတဲ့ကုသိုလ်ရှင်ဟာ သူ့ကို တသက်လုံး ပြုစုစောင့်ရှောက်ခဲ့တဲ့ ခမည်းတော် ကျန်စစ်သားမင်းကြီး နတ်ရွာစံခါနီးမှာ မင်းကြီးရဲ့ ကျေးဇူးတရားကို အောက်မေ့ဆင်ခြင်ပြီး မင်းကြီးအတွက် ရွှေဆင်းတုတဆူ သွန်းလုပ်ပြီးတော့ မင်းကြီးကို သံဃာတော်တွေရှေ့မှာ လှူဒါန်းအမျှဝေ စေခြင်းအားဖြင့် အကောင်းဆုံးနည်းနဲ့ ကျေးဇူးဆပ်ခဲ့တဲ့အကြောင်းပါပဲ။ အစောဆုံးပေါ်ပေါက်လာတဲ့ မြန်မာစာပေဟာ ကျေးဇူးတရားသိမှုအကြောင်းကို ရေးသားထားတဲ့စာပေ ဖြစ်နေတဲ့အတွက် ဆရာကြီးဦးဖေမောင်တင်က အဲဒီစကားကို မိန့်ဆိုတာဖြစ်ပါတယ်။
မောင်ခင်မင် (ဓနုဖြူ)
(မင်္ဂလာမောင်မယ် ၂၀၁၀-ခု ဖေဖော်ဝါရီလ)
0
responses to “
မြန်မာစာပေသည် ကျေးဇူးတရား သိတတ်မှုဖြင့် စတင်ခဲ့သည်
”