မြန်မာစာပေမှာ ကဗျာဆိုတာ ဘယ်တုန်းကစပြီး ပေါ်ပေါက်လာတာပါလဲခင်ဗျား။
သဘာဝအတိုင်း ပြောရရင်တော့ လူသားတွေဟာ စာအရေးအသားတွေ၊ ဘာတွေ မပေါ်ခင်ကတည်းက စိတ်ထဲမှာ ဝမ်းသာတာတို့၊ ဝမ်းနည်းတာတို့၊ ဒေါသဖြစ်တာတို့ စသည်ဖြင့် ခံစားလာရရင် အဲဒီခံစားချက်တွေကို အသံအနိမ့်အမြင့်၊ အဖြတ်အတောက်တွေနဲ့ ထုတ်ဖော်ရွတ်ဆိုရာကနေပြီး နှုတ်ပြောကဗျာတွေ ပေါ်ပေါက်လာတယ်လို့ ပညာရှင်တွေက မိန့်ဆိုကြပါတယ်။ အဲဒီလိုဆိုရင် မြန်မာစပေအရေးအသား မလာခင်ကတည်းက မြန်မာတွေရဲ့ နှုတ်ဖျားမှာ ကဗျာတွေ၊ သီချင်းတွေ ပေါ်ပေါက်ခဲ့မှာပါပဲ။
ကဲ မေးထားတဲ့အပေါ် မြန်မာစာပေမှာ-ဆိုရင်တော့ မြန်မာစာ စတင်ပေါ်ပေါက်လာတဲ့ ပုဂံခေတ်ကတည်းက ကဗျာအရေးအသားတွေကို ကျောက်စာတွေမှာ တွေ့နေရပါပြီ။"မဖြစ်အိုမင်း၊ သေခြင်းကွာသော၊ ရုပ်နာမ်ချုပ်ရာ၊ သာယာစွာသော"ဆိုတဲ့ လေးလုံးစပ်ကာရန် ယူပြီးဖွဲ့တဲ့ အဖွဲ့မျိုးတွေ ကျောက်စာတွေထဲမှာ ပါနေပါပြီ။ "မိမိအသက်နှင့်တူသော၊ မျက်စိမျက်ဆံနှင့်တူသော၊ မိမိချစ်စွာသောလင်"ဆိုတဲ့ အလင်္ကာအဖွဲ့ မျိုးတွေ တွေ့နေရပါပြီ။ အဲ သူတည်းတယောက် ကောင်းဖို့ရောက်မူ အစချီတဲ့ အနန္တသူရိယရေးဖွဲ့တယ်ဆိုတဲ့ လင်္ကာတို့၊ "သိုးကလေး" အစချီတဲ့ ပုပ္ပါးနတ်တောင်ဘွဲ့လင်္ကာတို့၊ "မြကန်သာ" အစချီတဲ့ မြကန်ဘွဲ့လင်္ကာတို့ဟာလည်း ပုဂံခေတ်မှာ ပေါ်ပေါက်တယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် အငြင်းပွားစရာ ပြဿနာတွေလည်း ရှိပါတယ်။ သေချာတာကတော့ ပုဂံခေတ်နောက်ပိုင်း ကျောက်စာတွေမှာကတည်းက လေးလုံးစပ်ကာရန် ယူပြီးဖွဲ့တဲ့ ကဗျာအရေးအသားမျိုးတွေ ပေါ်ပေါက်ပြီးနောက်ပိုင်း ပင်းယခေတ်၊ အင်းဝခေတ်တွေမှာ ကဗျာပုံသဏ္ဍာန် ပီပီသသ ဖြစ်လာတယ်လို့ ဆိုရမှာပါပဲ။
မြန်မာစာ အသိအမြင် တိုးပွားကြပါစေ။
မောင်ခင်မင် (ဓနုဖြူ)
(မင်္ဂလာမောင်မယ် ၂၀၁၀-ခု ဖေဖော်ဝါရီလ)
0
responses to “
မြန်မာစာပေမှာ ကဗျာဆိုတာ ဘယ်တုန်းကစပြီး ပေါ်ပေါက်လာတာပါလဲခင်ဗျား။
”