စကားပုံ၊ စကားထာ၊ စကားလိမ်-တို့ကို ကွဲကွဲပြားပြားသိရအောင် ရှင်းပြပေးစေလိုပါတယ်ရှင့်။
စကားပုံရယ်၊ စကားထာရယ်၊ စကားလိမ်ရယ် တခုနဲ့တခု ဘယ်လိုကွဲပြားတယ်ဆိုတာ ရှင်းပြပါ့မယ်။
(စကားပုံ)
စကားပုံ-ဆိုတာက ပုံခိုင်းပြီးပြောတဲ့ စကားပါပဲ။ ပုံ-ဆိုတာ ပုံခိုင်းတာကို ဆိုလိုတာပါ။
ပုံခိုင်းတယ်-ဆိုတာ ဘာလဲ။ ဆိုပါစို့-သမီးရဲ့ သူငယ်ချင်းတယောက်က စာမေးပွဲဖြင့် မဖြေရသေးဘဲ အားလျှော့ပြီး အောင်မှာမဟုတ်ပါဘူး-လို့ စိတ်ဓာတ်ကျတဲ့စကား ပြောနေတယ်ဆိုရင် သူ့ကို သမီးက ဘယ်လိုပြောမလဲ။
ဟယ်-နင်ကလည်း စစ်မရောက်ခင် မြားကုန်နေပြီ-လို့ပြောမယ် မဟုတ်လား။
အဲဒီ စစ်မရောက်ခင် မြားကုန်-ဆိုတဲ့စကားဟာ ပုံခိုင်းတဲ့စကားပဲပေါ့။
အဓိပ္ပါယ်တူတဲ့စကားကို ပုံဆောင်ခိုင်းနှိုင်းပြတာပါပဲ။
စစ်မရောက်ခင် မြားကုန်ဆိုသလိုပဲ စာမေးပွဲမဖြေခင် အားလျှော့နေပြီလားလို့ ပြောရင်လည်း ဖြစ်ပါတယ်။
ဆိုသလိုပဲ၊ ဆိုသလိုပေါ့-ဆိုတဲ့စကားမျိုး ထည့်ပြောနိုင်ပါတယ်။
မြန်မာစကားထဲမှာ စကားပုံတွေ အများကြီးရှိပါတယ်။ အစဉ်အဆက် ပုံနှိပ်ပြောဆိုရေးသားခဲ့တဲ့ ပုံခိုင်းစကားတွေ အသုံးတွင်ကျယ်လာပြီး စကားပုံတွေ ဖြစ်လာတာပါပဲ။ စကားပြောရာ၊ စာရေးရာမှာ စကားပုံကို အသုံးပြုပြီးပြောရင် ရေးရင် တမူထူးခြားပြီး နားထောင်သူအတွက် မှတ်သားစရာ ဖြစ်ပါတယ်။ စကားပုံတွေက ကျစ်ကျစ်လစ်လစ် ပြေပြေပြစ်ပြစ် ဖန်တီးထားတဲ့စကားတွေမို့ နားထောင်သူ မှတ်မိလွယ်တယ်။ နှစ်သက်စရာလည်း ကောင်းတယ်။
တယောက်နဲ့တယောက် အထောက်အကူပြုပြီး အပြန်အလှန် အကျိုးရှိတာကို "ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ၊" အကောင်းအဆိုး ဖြစ်ပျက်ပြောင်းလဲတတ်တဲ့ သဘောကို "ရေစီးတခါ ရေသာတလှည့်၊" ဒုက္ခရောက်ဖူးတဲ့သူဟာ အန္တရာယ် အရိပ်အယောင်တွေ့တိုင်း ထိတ်လန့်တတ်တာကို "ခဲမှန်ဖူးတဲ့ စာသူငယ်လို၊" တယောက်နဲ့ တယောက် ဇနီးမောင်နှံချင်း လိုက်ဖက်တာကို "နေနှင့်လ ရွှေနှင့်မြ-" စသည်ဖြင့် စကားပုံတွေနဲ့ အမျိုးမျိုး ပုံခိုင်းကြပါတယ်။ ဒီစကားပုံတွေကို ကြည့်ရင် ကာရန်တွေ၊ အသံတွေ ပြေပြေပြစ်ပြစ် ဖွဲ့ထားတာကို တွေ့နိုင်ပါတယ်။ လိုက်နာစရာတွေ၊ ရှောင်စရာတွေ၊ မှတ်သားစရာတွေကို စကားပုံတွေက ဖော်ပြနေပါတယ်။
စကားပုံစာအုပ်တွေ အစဉ်အဆက် ပေါ်ပေါက်ခဲ့တာ အများကြီးပါပဲ။ အားလုံး အကျိုးရှိတဲ့ စာအုပ်တွေပါပဲ။ သမီးတို့ လက်လှမ်းမီတဲ့ စာအုပ်ကတော့ မြန်မာစာအဖွဲ့က ပြုစုထားတဲ့ "မြန်မာစကားပုံ" ဆိုတဲ့စာအုပ်ပါ။ စကားပုံပေါင်း ၈၀၀-ကျော်ကို အဓိပ္ပါယ်ရှင်းပြထားတာ မှတ်သားစရာပါပဲ။ မြန်မာစာအဖွဲ့က မြန်မာဆိုရိုးစကား-ဆိုတဲ့ စာအုပ်ကိုလည်း ပြုစုထုတ်ဝေထားသေးတယ်။ စကားပုံတွေလိုပဲ ဆိုရိုးစကား ၁၀၀၀-ကျော်ကို အဓိပ္ပါယ်ရှင်းပြထားပါတယ်။ ဒီ့ပြင်စကားပုံ စာအုပ်တွေမှာတော့ စကားပုံနဲ့ ဆိုရိုးမခွဲဘဲ အားလုံးကို စကားပုံအဖြစ် သတ်မှတ်ကြပါတယ်။ မြန်မာစာအဖွဲ့ကတော့ စကားပုံ-နဲ့ ဆိုရိုး-ကို ခွဲခြားထားတယ်။ ရှေ့မှာပြောခဲ့သလို ပုံခိုင်းတဲ့စကားသက်သက်ဆိုရင် စကားပုံလို့ သတ်မှတ်ပြီး ပုံခိုင်းထားတဲ့သဘော မပါရင်ဖြစ်ဖြစ်၊ ပုံခိုင်းတာရော ဆိုလိုရင်းအဓိပ္ပါယ်ရော နှစ်ခုတွေနေရင် ဖြစ်ဖြစ်၊ အဲဒီစကားပုံမျိုးကိုတော့ ဆိုရိုးစကားလို့ သတ်မှတ်တယ်။ ပညာရွှေအိုး လူမခိုး-ဆိုရင် ပညာကို ရွှေအိုးနဲ့ ခိ်ုင်းနှိုင်းပြီး ပညာတန်ဖိုးရှိပုံကို ပုံခိုင်းထားတာမို့ စကားပုံလို့ သတ်မှတ်တယ်။ ပညာရဲရင့် ပွဲလယ်တင့်-ဆိုရင်တော့ ပုံခိုင်းတာမဟုတ်ဘဲ တိုက်ရိုက်ပြောတာမို့ ဆိုရိုးလို့ သတ်မှတ်တယ်။
ဒါပေမယ့် စကားပုံနဲ့ ဆိုရိုးကို ပြတ်ပြတ်သားသား မခွဲနိုင်တာတွေလည်း ရှိတယ်။ ယေဘုယျအားဖြင့်တော့ အားလုံးကိုခြံုပြီး စကားပုံလို့ ခေါ်နေကြတာ စကားပုံစာအုပ်တွေကိုကြည့်ရင် တွေ့နိုင်ပါတယ်။ ကဲ စကားပုံ အကြောင်း ဒီလောက်ဆိုရင် ရှင်းလောက်ပါပြီ။
(စကားထာ)
စကားထာ-ဆိုတာကတော့ အဓိပ္ပါယ်မြှုပ်ထားတဲ့ ဉာဏ်စမ်းစကားပါပဲ။ ပဟေဠိလို့လည်း ခေါ်နိုင်ပါတယ်။ တယောက်နဲ့တယောက် ဉာဏ်စမ်းတဲ့အနေနဲ့ စကားထာဝှက်တမ်း ကစားကြတာ မြန်မာဓလေ့တခုပါပဲ။ စကားထာဝှက်တဲ့အခါ ဖြေရမယ့်သူက မဖြေနိုင်ရင် ပန်းပေးပြီ-ဆိုပြီး အရှံုးပေးရတယ်။ အဲဒီအခါ ဝှက်တဲ့သူက အဖြေမှန်ကို ပြောပြရတယ်။ မဖော်နိ်ုင်ရင် ဝှက်တဲ့သူက နိုင်ပြီး ဖြေတဲ့သူက ရှံုးတယ်။ ဖော်နိုင်ရင် ဖြေတဲ့သူ နိုင်တာပေါ့။
စကားထာကို ဝှက်သူက အသစ်ဖန်တီးတာ မဟုတ်ပါဘူး။ အစဉ်အဆက် ပြောဆိုခဲ့တဲ့ စကားထာတွေကို မှတ်သားပြီး ပြန်ပြောကြရတာပါ။ အဖြေတွေကိုလည်း အဲဒီလိုပဲ ကျက်မှတ်ထားရတာပေါ့။
စကားထာတွေက စိတ်ဝင်စားစရာကောင်းတယ်။ စကားထာတခုကို စပြီးဖန်တီးသူဟာ စိတ်ကူးစိတ်သန်း တော်တော်ကောင်းတာပဲ။ နတ်သမီး သောက်ရေကန်၊ တံတိုင်းသုံးရပ်ရံ-ဆိုတဲ့စကားထာရဲ့ အဖြေက အုန်းသီး-ပါ။
အတွင်းက အုန်းရည်၊ အပြင်က အုန်းသီးအဖြူသား၊ အုန်းမှုတ်ခွံ၊ အုန်းမှုတ်ဆံခွံ သုံးထပ်ကာထားတာပေါ့။
မဖွပ်ဘဲဖြူသည့် နတ်ပုဆိုး၊ မလောင်းဘဲ ပြည့်သည့် နတ်ရေအိုး-ဆိုတာလည်း အုန်းသီးကိုဝှက်တဲ့ စကားထာပါပဲ။
အသီးပေါ် အပင်ပေါက် ခြေထောက်တချောင်းထောက်။ဆိုတာက နာနတ်သီး-တဲ့။
ခေါင်းမြီုးခြံု လုံပါပေ့၊ ဆံမြိတ်ချ လှပါပေ့၊ ကျောက်တန်းစီ ညီပါပေ့-ဆိုတာက ပြောင်းဖူး-တဲ့။
ရေလယ်ခေါင် သောင်ထွန်း နတ်သမီးနေတဲ့ကျွန်း-ဆိုတာက ကျောက်ပျဉ်-တဲ့။
အများကြီးပါပဲ။ စကားထာတွေအကြောင်း ဆရာကြီးမင်းသုဝဏ်က သည်ခါဝသန် ပျင်းဖြေရန်-ဆိုပြီး စာတပုဒ်ရေးဖူးပါတယ်။ ဒေါ်ကြည်ဦးရေးတဲ့ မြန်မာ့ရိုးရာ စကားထာများ-ဆိုတဲ့ စာအုပ်လည်းရှိပါတယ်။
(စကားလိမ်)
စကားလိမ်-ဆိုတာကတော့ ရှေ့အသံနဲ့ နောက်အသံ ပြောင်းပြီး ပြောင်းပြန်ပြောတဲ့စကားပါပဲ။ နောင်မှသိ-ကို နိမှသောင်-လို့ပြောတာ စကားလိမ်ပေါ့။
စကား ၃-လုံးဆိုတော့ အလယ်လုံးကို အသံမပြောင်းဘဲ မူလအတိုင်းထားပြီး ရှေ့နောက်ပြောင်းလိုက်တော့ နောင်သိ-က နိသောင်-ဖြစ်သွားတာပေါ့။
သူများမသိစေချင်တာမျိုးကို စကားလိမ်နဲ့ ပြောတတ်ကြတယ်။ ငှက်ပျောသီးနဲ့ မတည့်တဲ့ ကလေးရှေ့မှာ သူမသိအောင် ပြောချင်ရင် ငပျီးသော-လို့ ပြောတာမျိုးပေါ့။ ငှက်ပျောသီး-မှာ ရှေ့ဆုံးအသံက အသံတဝက်ပဲ ဆိုရတာမို့ ရှေ့အသံကို ချန်ပြီး နောက်အသံနှစ်သံကိုပဲ ပြောင်းပြန်လုပ်ရတယ်။ ဒီတော့ ငပျီးသော-ဖြစ်သွားတာပေါ့။ ပျော်စရာကစားနည်းအဖြစ်လည်း စကားလှိမ်ဝှက်ကြတယ်။ မဖြေနိုင်ရင် ပန်းပေးရတာပေါ့။
စပေတွေထဲမှာလည်း စကားလိမ်တွေ ထည့်ရေးတတ်ကြတယ်။ ဦးတို့ရဲ့ ရာမရကန်မှာ သဒ္ဒါမတတ် စာမတတ်-ကို သဒတ်မတာ စတ်မတာ-လို့ စကားလိမ်နဲ့ ရေးတယ်။ လှိုင်ထိပ်ခေါင်တင်ကတော့ နာဂဆဒ္ဒန်ဘောလယ်မှာ နိမှသောင် နောင်မှသိ-တဲ့။ ဦးပုညကတော့ လောကဓံ လံကဓော-လို့ ရေးတယ်။ လူရွှင်တော်တွေက ဓနောဒိ ခြိုက်ကင်းစ်-ဆိုပြီး အင်္ဂလိပ်စကားလိုလို ဘာလိုလို ပြောတယ်။ ဘာလဲလို့မေးတော့ ဓနိတောခြင်ကိုက်-တဲ့။
စကားလိမ်ကို နှစ်ဆင့်ဝှက်တာလည်း ရှိသေးတယ်။ အကို့မယား အိပ်ချင်တယ်-ဆိုတာမျိုးပေါ့။ အကို့မယား-က မရီး၊ အိပ်ချင်ရင်-သမ်း-တယ်။ မရီးသမ်း-မရန်းသီး-ပေါ့။
တခါက ဘုန်းတော်ကြီးတပါးကို နောက်တတ်ပြောင်တတ်တဲ့ ဒကာတယောက်က လင်ပေးရွာကို ဆွမ်းစားကြွပါဘုရား-လို့လျှောက်ပြီး ပြန်သွားသတဲ့၊ ဘုန်းတော်ကြီးက လင်ပေးရွာဆိုတာ မကြာဖူးပါဘူးဆိုပြီး စဉ်းစားတော့ လင်ပေး-က လေးပင်၊ လေးပင်ဆိုတော့ အိမ်တွေမှာ လေးပင်ဆိုရင် သုံးခန်းရှိတယ်။ သုံးခန်း-ဆိုတော့ သန်းကုန်း-ပေါ့။ ဒီတော့မှ ရွာနာမည်ပေါ်တယ်တဲ့။ သင်္ဂဇာဆရာတော်ရဲ့ စကားပုံစာအုပ်မှာတွေ့တဲ့ ပုံပြင်ပါ။ ဆရာကြီး မင်းသုဝဏ်ကလည်း စကိမ်လား-စကားလိမ်-ဆိုပြီး စာတပုဒ်ရေးဖူးတယ်။ ဒီလောက်ဆိုရင် ရှင်းလောက်ပါပြီ။
မောင်ခင်မင် (ဓနုဖြူ)
(မင်္ဂလာမောင်မယ် ၂၀၁၀-ပြည့် ဧပြီလ)