ဝဏ္ဏ နဲ့ ဂရုသံ-ဆိုတာ ဘယ်လိုစကားလုံးတွေပါလဲ။
ဝဏ္ဏ-ဆိုတာ ပါဠိစကားပါ။ အက္ခရာလို့ အဓိပ္ပါယ်ရတယ်။ အက္ခရာတွေဟာ အနက်အဓိပ္ပယ်ကို ဖွင့်တတ်တဲ့အတွက် ဝဏ္ဏလို့ခေါ်ကြောင်း ဖွင့်ဆိုကြတယ်။ နောက်တခုက အသံတသံကို ဝဏ္ဏတခုလို့ သတ်မှတ်ပါတယ်။ သမီးက အင်္ဂလိပ်စာအထူးပြုဆိုတော့ အင်္ဂလိပ်စာမှာ ခေါ်တဲ့ Syllable နဲ့ အတူတူပါပဲ။ အသံတသံထွက်ရင် ဝဏ္ဏတခု၊ ၂-သံထွက်ရင် ဝဏ္ဏ ၂-ခု၊ စသည်ဖြင့် ခေါ်ပါတယ်။
လူ-ဆိုရင် ဝဏ္ဏတခု၊ ဆရာ-ဆိုရင် ဝဏ္ဏ ၂-ခု၊ သရက်ပင်-ဆိုရင် ဝဏ္ဏ ၃-ခု၊ အတွင်းရေးမှူး-ဆိုရင် ဝဏ္ဏ ၄-ခုပေါ့။
ဂရုဆိုတာ လေးတဲ့အသံကိုခေါ်တာပါ။ ဂရုလည်း ပါဠိစကားပါ။ လေးသော-လို့ အဓိပ္ပါယ်ရတယ်။ ဂရုနှင့် ယှဉ်သုံးတာက လဟု-လို့ခေါ်တယ်။ ပေါ့သော-လို့ အဓိပ္ပါယ်ရတယ်။
ဂရုကတော့ လေးသောအသံ၊ လဟုက ပေါ့တဲ့အသံပေါ့။ ဂရုသံက အသံရှည်တယ်။ ကာ-ကူ-ဆိုတဲ့ အသံမျိုးပေါ့။ အသံရှည်တယ်။ ၂-မတြာ၊ ၂-မတြာခွဲရှိတယ်။ (တစ်မတြာဆိုတာ မျက်စိတမှိတ်၊ လျှပ်တပြက်၊ လက်ဖျစ်တတွက်ကြာတဲ့အချိန်ကို ခေါ်တာပါ)။
ကာ-လို့ဆိုရင် ၂-မတြာ၊ ၂-မတြာခွဲပေါ့။
လဟုကတော့ အသံတိုပါ။ က-ကု-ဆိုတဲ့ အသံမျိုးပေါ့။ တမတြာ၊ တစ်မတြာခွဲပဲ ရှည်တယ်။ ဒီလောက်ဆိုရင် နားလည်လောက်ပါပြီ။
မောင်ခင်မင် (ဓနုဖြူ)
(မင်္ဂလာမောင်မယ် ၂၀၁၁-ဖေဖော်ဝါရီလ)