ရန်ကုန်တိုင်း​ရဲ့​ မြို့​နယ်အချို့​မှာ မွန်​ဝေါဟာရ အမည်များ​ဖြစ်တယ်လို့​ ကြား​သိရပါတယ်။



ဟုတ်ပါတယ်၊​ ရန်ကုန်တိုင်း​က မြို့​နယ်အချို့​ အပါအဝင် မြို့​ရွာ​ဒေသ​တွေရဲ့​ အမည်​တော်​တော်များ​များ​ဟာ မွန်အမည်​တွေဖြစ်ပါတယ်။ ရန်ကုန်-ရဲ့​ မူလအမည်က ဒဂုံ-ဆိုတာ သမီး​ သိမှာပါ။ ရန်​တွေကုန်စင်တဲ့​ အဓိပ္ပါယ်နဲ့​ အ​လောင်း​မင်း​တရား​ကြီး​က ရန်ကုန်-လို့​ အမည်​ပြောင်း​လိုက်တာပါ။
မူလအမည်က ဒဂုံ-က မွန် ​ဝေါဟာရ ဒဂုင်၊​ လွုင်-တို့​က ဆင်း​သက်ပြီး​ ဒဂုံ-ဖြစ်လာတာပါ။
အဲဒီနာမည်ဟာ ​ရွှေတိဂုံ​စေတီ​တော်ကြီး​ကို​ပေး​တဲ့​ ဘွဲ့​မည်ပါပဲ။
မွန်ဘုရင်မကြီး​ ရှင်​စောပုက ​ရွှေတိဂုံ​စေတီ​တော်မြတ်ကြီး​ရဲ့​ ဉာဏ်​တော်ကိုမြှင့်​ပြီး​ တည်​ဆောက်ပြီး​တော့​ ကျပ်ဒဂုင် (ကျိုက်ဒဂုံ-ဒဂုံဘုရား​)လို့​ ဘွဲ့​မည်​ပေး​လိုက်တာပါပဲ။
တချို့​ပညာရှင်​တွေက​တော့​ ​တောင်သုံး​လုံး​မြို့​-လို့​ အဓိပ္ပါယ်ရတဲ့​ တိကုမ္ဘနဂရ-ဆိုတဲ့​ ပါဠိ​ဝေါဟာရ-က ဆင်း​သက်​ကြောင်း​၊​ တိကုမ္ဘ-က တိကုမ်၊​ တကုမ်၊​ ဒဂုံ-လို့​ ​ပြောင်း​လဲလာ​ကြောင်း​ ဆိုကြပါတယ်။ မွန်​ဝေါဟာရကလည်း​ ကုန်း​မြင့်​ပေါ်က​စေတီလို့​ အဓိပ္ပါယ်ရရပါတယ်။

ကမာရွတ်-က​တော့​ က္မာရတ်-ဆိုတဲ့​ မွန်​ဝေါဟာရက ဆင်း​သက်တာပါ။ က္မာ-က ​ရေကန်၊​ ရတ်-က ရတနာ-​ပေါ့​။ ဒီ​တော့​ ကမာရွတ်ဆိုတာ ရတနာကန်​ပေါ့​။ အင်း​လျား​ကန်ကို ဆိုလိုတာပါ။ အင်း​လျား​ကန်နား​က ရပ်ကွက်ကိုလည်း​ ကမာရွတ်-လို့​ ​ခေါ်လိုက်တာပါပဲ။

မင်္ဂလာဒုံ-က မင်္ဂလာဍုင်-ဆိုတဲ့​ မွန်​ဝေါဟာရက ဆင်း​သက်တယ်။ မင်္ဂလာ-ဆိုတာ လူဦး​ခေါ်င်း​နဲ့​ သမင်ကိုယ်၊​ ဒါမှမဟုတ် သမင်ဦး​ခေါင်း​နဲ့​ လူကိုယ်ရှိတဲ့​ ထူး​ဆန်း​တဲ့​သတ္တဝါလို့​ အဆိုရှိတယ်။
ဍုင်-က မြို့​-လို့​ အဓိပ္ပါယ်ရတယ်။
ဒီ​တော့​ မင်္ဂလာဆိုတဲ့​သတ္တဝါ ​နေထိုင်ကျက်စား​တဲ့​မြို့​ပေါ့​။ မင်္ဂရာဍုင်-က ဆင်း​သက်လာတာလို့​လဲ ဆိုတယ်။
မင်ဂရာ-ဆိုတာ သမင်ဒရယ်-​ပေါ့​။ သမင်ဒရယ်​ပေါတဲ့​မြို့​-လို့​ အဓိပ္ပါယ်ရပါတယ်။

အင်း​စိန်-ဆိုတာ အင်စိုင်-ဆိုတဲ့​ မွန်​ဝေါဟာရက ဆင်း​သက်တယ်။ အင်-ဆိုတာ အင်း​အိုင်၊​ စိုင်-ဆိုတာ ဆင်၊​ ဒီ​တော့​ ဆင်အင်း​-လို့​ အဓိပ္ပါယ်ရတယ်။ ဆင်​တွေ​နေထိုင်ကျက်စား​တဲ့​ အင်း​လို့​ ဆိုလိုတာ​ပေါ့​။

ကျိုက်ကဆံ-က ကျစ်သင်-ဆိုတဲ့​ မွန်​ဝေါဟာရက ဆင်း​သက်တယ်။ ကျစ်-(ကျိုက်လို့​ အသံထွက်တယ်) က ဘုရား​။ သင်-က သင်္ဃာ၊​ ဒီ​တော့​ သင်္ဃာများ​ ဆည်း​ကပ်ကိုး​ကွယ်တဲ့​ဘုရား​-လို့​ အဓိပ္ပါယ်ရတယ်။
ဘုရား​ဘွဲ့​တွေမှာ ကျိုက်-ပါတဲ့​ဘွဲ့​တွေ ​တော်​တော်များ​များ​ ရှိတယ်။ ကျိုက်ထီး​ရိုး​၊​ ကျိုက်မ​ရော၊​ ကျိုက်ပွန်၊​ စသည်ဖြင့်​ပေါ့​။

သင်္ဃန်း​ကျွန်း​-က​တော့​ ကံသင်၊​ ကအ်သင်-ဆိုတဲ့​ မွန်​ဝေါဟာရက ဆင်း​သက်လာပြီး​ ကံ၊​ ကအ်-က ကျွန်း​၊​ သင်-က သင်္ဃာ၊​ သင်္ဃာ​တော်​တွေ စု​ဝေး​နေထိုင်ရာဖြစ်လို့​ သင်္ဃန်း​ကျွန်း​ (သင်္ဃာကျွန်း​) ​ခေါ်တယ်လို့​ အဆိုအမိန့်​တွေရှိပါတယ်။

ကျိုက်ထို၊​ ကျိုက်ပိ၊​ ကျိုက်ပွန်-ဆိုတဲ့​နေရာ​ဒေသအမည်​တွေကလည်း​ ဘုရား​ကိုအစွဲပြုတဲ့​ အမည်​တွေပါပဲ။ ထို (​ထော) ဆိုတာ ​ရွှေ၊​ ပိ-ဆိုတာ သုံး​ခု၊​ ပွန်-ဆိုတာ ​လေး​ခု၊​ ဒီ​တော့​ ကျိုက်ထို-ဆိုတာ ​ရွှေဘုရား​။ ကျိုက်ပိ-ဆိုတာ ဘုရား​သုံး​ဆူ။ ကျိုက်ပွန်-ဆိုတာ ဘုရား​လေး​ဆူ-လို့​ အဓိပ္ပါယ်ရရပါတယ်။

​မောင်ခင်မင် (ဓနုဖြူ)
(မင်္ဂလာ​မောင်မယ် ၂၀၁၀-ပြည့်​ ဇူလိုင်လ)


By Aung Maw on | | ဆွေးနွေးတိုင်ပင်မယ် ဆိုရင်...?
0 responses to “ ရန်ကုန်တိုင်း​ရဲ့​ မြို့​နယ်အချို့​မှာ မွန်​ဝေါဟာရ အမည်များ​ဖြစ်တယ်လို့​ ကြား​သိရပါတယ်။ ”

Leave a Reply