မြန်မာ ၁၂-လဖြစ်တဲ့ တန်ခူး၊ ကဆုန် စသည်တို့ဟာ မည်သည့်စကားက ဆင်းသက်၍ မည်သည့် အဓိပ္ပါယ်ရှိကြောင်း
မြန်မာ ၁၂-လ၏ အဓိပ္ပါယ်
၁၂-လနာမည်တွေ ဆင်းသက်လာပုံနဲ့ အဓိပ္ပါယ်ကို အချုပ်သဘော ရှင်းပြလိုက်ပါတယ်။
(၁) တန်ခူး=ထန်းသီးခူးသောလ
တာလ (ပါဠိ) တန်း=ထန်း+ခူး=ခူးဆွတ်။
(၂) ကဆုန်=ရေသွန်းသောလ
က၊ ကု=ရေ+ဆုန်=သွန်းလောင်း။
(၃) နယုန်=မိုးရွာချိန်လ၊ နံယုန်လ (ကျောက်စာ)
နံ=အချိန်အခါ+ယုန်=မိုးရွာ၊ မိုးကျ။
(၄) ဝါဆို=ရဟန်းတော်များ မိုးသုံးလအတွင်း ကျောင်း၌နေပါမည်ဟု ရွတ်ဆိုသောလ
ဝါသ (ပါဠိ) ဝါ=နေခြင်း+ဆို=ရွတ်ဆို။
(၅) ဝါခေါင်=ဝါလယ်လ
ဝါသ (ပါဠိ) ဝါ=နေခြင်း+ခေါင်=အလယ်။
(၆) တော်သလင်း=ကောင်းကင်သာယာ ထွန်းလင်းသောလ၊ သာယာပွင့်လင်းသောလ
တော်=ကောင်းကင်+လင်း=သာလင်း=သာယာထွန်းလင်း။
(၇) သီတင်းကျွတ်=ရဟန်းတော်များ သီလသီတင်း ကျင့်သုံးနေထိုင်သောကာလ လွတ်မြောက်သောလ
သ္တင် (မွန်) သတင်း=လဲကျောင်း+ကျွတ်
(၈) တန်ဆောင်မုန်း=မီးထွန်းလ
တန်ဆောင်=မီးရှူးမီးတိုင် ဆီမီး+မှုန်-မုန်း=ထွန်းလင်းတောက်ပစေ၊ ညှိထွန်း။
(၉) နတ်တော်=ပုပ္ပါးတောင်၌ နတ်တို့အား ပူဇော်သောလ
နာထ (ပါဠိ) နတ်+တော်=မြင့်မြတ်။
(၁၀) ပြာသို=ပျားဖယောင်းစု၍ အရဆုံးလ
ပြာ=ဖယောင်း+သို=ဆီ၊ အဆီ။
(၁၁) တပို့တွဲ=ထန်းဖူး၊ ထန်းခိုင်များ အောက်သို့ တွဲကျအောင်ပြုသောလ၊ ထန်းရည်နင်းလ။
ထန်းပို့-ထပို့=ထန်းဖူး၊ ထန်းခိုင်+တွဲ=တွဲကျ။
(၁၂) တပေါင်း=ထန်းရည်ကို ကျိုချက်သောလ။
ထန်းရည်ကျို၍ ထန်းလျက်ချက်သောလ။
ထန်း+ပေါင်း=ချက်၊ ပြုတ်၊ ကျို။
ဆရာကြီး ဦးဖိုးလတ်ရဲ့ မြန်မာလအမည်များစာအုပ်ကို ကိုးကားဖော်ပြလိုက်ပါတယ်။ အယူအဆအကွဲတွေလည်း ရှိပါတယ်။
မောင်ခင်မင် (ဓနုဖြူ)
(မင်္ဂလာမောင်မယ် ၂၀၁၁-မတ်လ)