စာရေးရင် စကားပြောသလိုရေးတာနဲ့ စာလိုရေးတာ ဘယ်ဟာပိုကောင်းပါသလဲ။
ဒီကိစ္စကို နည်းနည်းရှင်းပြဖို့ လိုပါလိမ့်မယ်။ ဟုတ်ပါတယ်။ မြန်မာစကားမှာ အပြောသုံးဟန်နဲ့ စာသုံးဟန် ဆိုပြီး ရေးပုံ ၂-မျိုးကွဲပါတယ်။ အပြောသုံးဟန် ဆိုတာက စကားပြောရာမှာသုံးတဲ့ စကားလုံးတွေနဲ့ ရေးတဲ့ဟန်ပါ။ စာသုံးဟန်ဆိုတာက စာရေးရာမှာသုံးတဲ့ စကားလုံးတွေနဲ့ ရေးတဲ့ဟန်ပါ။ အပြောစကားနဲ့ စာစကား၊ အပြောနဲ့ အရေး၊ စကားသံနဲ့ စာအရေးအသား စသည်ဖြင့်လည်း ခွဲခြားပြီး ပြောတတ်ကြပါတယ်။ ကျွန်တော်သည် မင်္ဂလာမောင်မယ် စာစောင်ကို အလွန်သဘောကျပါသည်-လို့ရေးရင် စာသုံးဟန်၊ ကျွန်တော်က မင်္ဂလာမောင်မယ် စာစောင်ကို သိပ်သဘောကျပါတယ်-လို့ ရေးရင် အပြောသုံးဟန်လို့ ဆိုနိုင်ပါတယ်။
မြန်မာစာ စတင်တီထွင်တုန်းကတော့ ဘယ်စကားသံကို ဘယ်စာလုံးနဲ့ ရေးရမယ်ဆိုပြီး စကားသံကို အခြေပြုပြီး တီထွင်တဲ့အတွက် မြန်မာစာ တီထွင်စမှာ စကားနဲ့စာနဲ့ မကွာခြားဘူးလို့ ပညာရှင်တွေက ဆိုပါတယ်။ နောက်နှစ်ပေါင်းများစွာ ကြာတဲ့အခါ ပြောင်းလဲတဲ့နှုန်းချင်း မတူတဲ့အတွက် စကားနဲ့စာ တဖြည်းဖြည်း ကွဲပြားလာတာပေါ့။ စကားလည်း ပြောင်းတယ်၊ စာလည်း ပြောင်းတယ်။ ဒါပေမယ့် စကားက ပါးစပ်ထဲက ထွက်တဲ့အသံမို့ မခိ်ုင်မာဘူး။ အပြောင်းမြန်တယ်။ စာကတော့ ကျောက်ပေါ်၊ ပေပေါ်၊ ပုရပိုက်ပေါ်မှာ ရေးထားတာမို့ စကားထက် ပိုပြီး ခိုင်မာတဲ့အတွက် အပြောင်းနှေးတာပေါ့။
ဒီတော့ ဤ-ထို-ဆိုတဲ့စကားတွေကို ခုအခါမှာ ဒီ-ဟို-လို့ ပြောနေကြပြီ မဟုတ်လား။ ဖြစ်၏-တို့၊ ဖြစ်သည်-တို့က ဖြစ်တယ်-လို့ ပြောင်းနေပြီ။ ဆရာ၏ အိမ်က-ဆရာရဲ့ အိမ်၊ ဆရာအိမ်-လို့ ပြောင်းနေပြီ၊ မိခင်-က အမေ-ဖြစ်နေပြီ၊ နံနက်-က မနက်-ဖြစ်နေပြီ။ အနည်းငယ်-က နဲနဲ ဖြစ်နေပြီ။ ချစ်သောသူ-က ချစ်တဲ့သူ ဖြစ်နေပြီ။ ဒီသာဓက တချို့ကို ကြည့်ရုံနဲ့ စာသုံးနဲ့ စကားသုံး ကွဲပြားပုံကို သိနိုင်ပါတယ်။
ဒီနေ့ စာရေးရာမှာ ၂-မျိုးစလုံး သုံးနေကြတယ်မဟုတ်လား။ ဘယ်ဟာ ပိုကောင်းသလဲလို့ မေးရင် ဆရာကတော့ သူ့နေရာနဲ့သူ လိုက်ဖက်အောင် ရေးတာကောင်းတယ်လို့ သဘောရပါတယ်။ စာလိုရေးမှကောင်းတယ်၊ စကားလိုရေးတာ မကောင်းဘူးလို့ပြောရင် တဖက်စွန်းရောက်သလို စကားလိုရေးတာကောင်းတယ်၊ စာလိုရေးတာ မကောင်းဘူးလို့ ပြောရင်လည်း တဖက်စွန်းရောက်ပါတယ်။ စာဟန်ပေဟန်နဲ့ အစဉ်အဆက်ရေးလာခဲ့တဲ့ မြန်မာစာပေတွေကို ပစ်ပယ်လို့မရသလို ဒီနေ့ပြောဆိုနေတဲ့ ပြောဟန်ဆိုဟန်နဲ့ ရေးတာကို လျစ်လျူရှုထားလို့လည်း မရပါဘူး။ ဒီတော့ စာအုပ်စာတမ်းတွေ၊ ခံ့ခံ့ညားညား ရေးတဲ့စာမျိုးတွေကို စာသုံးဟန်နဲ့ရေးတာ လိုက်ဖက်ဆီလျှော်သလို အချင်းချင်းပေးတဲ့ ပေးစာတွေ၊ ဟောပြောချက်၊ ဆွေးနွေးချက်တွေ၊ ဝတ္ထုတွေ၊ ရုပ်ရှင်တွေထဲက ဇာတ်ဆောင်တွေရဲ့ ပြောစကားတွေကို အပြောဟန်နဲ့ ရေးတာ လိုက်ဖက်ဆီလျှော်ပါတယ်။ စာသုံးဟန်က ခံ့ခံ့ညားညား ရှိတယ်။ အပြောသုံးဟန်က ပေါ့ပေါ့ပါးပါး ရှိတယ်လို့ ဆိုနိုင်ပါတယ်။
ဒီနေ့ ပညာရှင်ကြီးတွေကစပြီး ရေးနေတဲ့ ရေးဟန်ကို လေ့လာကြည့်ရင် ထို၊ ဤ၊ သည်၊ ၍၊ နှင့်၊ လျက်၊ ၏-စတဲ့ သဒ္ဒါသုံးစကားတွေကို စာဟန်အဖြစ် သုံးပေမယ့် အဲဒီစာဟန်ထဲမှာ အပြောဟန်နဲ့ နီးစပ်တဲ့ အသုံးတွေကို သုံးပြီး ရေးနေကြတာကို တွေ့နိုင်ပါတယ်။ အပြောသုံးဟန်ဘက်ကို တိမ်းညွတ်လာတဲ့ သဘောပါပဲ။ ဒီလောက်ဆိုရင် လုံလောက်ပြီထင်ပါတယ်။
မောင်ခင်မင် (ဓနုဖြူ)
(မင်္ဂလာမောင်မယ် ၂၀၁၁-ဧပြီလ)
0
responses to “
စာရေးရင် စကားပြောသလိုရေးတာနဲ့ စာလိုရေးတာ ဘယ်ဟာပိုကောင်းပါသလဲ။
”