ကပြားစာ၊ ကပြားစကား ရေးကြပြောကြလျှင်

သူပြောလည်းပြောချင်စရာပါ။ ယနေ့ မြန်မာဘာသာဖြင့် ရေးထားသော စာအတော်များများကို ဖတ်ရသည်မှာ မြန်မာမဆန်လှပါ။ မြန်မာအက္ခရာများကြားတွင် အင်္ဂလိပ်အက္ခရာများကို တွေ့မြင်ရသည်မှာ အရုပ်ဆိုး လှပါသည်။
ဘာကြောင့် အခုလိုရေးကြသလဲဟု စဉ်းစားစရာဖြစ်ပါသည်။ အဆိုပါ အင်္ဂလိပ်စကားလုံးကို မြန်မာဘာသာသို့ မပြန်ဆိုနိုင်သဖြင့် အလွယ်တကူ ရေးလိုက်ခြင်းလား၊ မြန်မာစကားပြောလျှင် အင်္ဂလိပ်လိုညှပ်ပြောနေကျ အကျင့်ပါနေ၍ စာရေးတော့လည်း ညှပ်ရေးလိုက်ခြင်းလား၊ ဒါမှမဟုတ် ကာယကံရှင်ကိုယ်တိုင်က အင်္ဂလိပ်လို ထည့်ရေးမှ ဂုဏ်ရှိသည်ဟု အထင်ရောက်၍လား။
မြန်မာဘာသာစကားတွင် သူများ ဘာသာစကားမှ မွေးစားစကားလုံးများ ရှိသည်။ ကိုယ့်မှာမရှိသဖြင့် မွေးစား ရခြင်းဖြစ်ပါသည်။ (ဥပမာ။ ရေဒီယိုတို့၊ ကက်ဆက်တို့၊ ကားတို့) မတတ်နိုင်ပါ။ မမွေးစား၍မဖြစ်သဖြင့် မွေးစားရ ပါသည်။ တစ်ချိန်ကတော့ ထိုစကားလုံးများကို မြန်မာမှုပြုဖို့ ကြိုးစားခဲ့ကြဖူးပါသည်။ ဥပမာ - ဂီယာဆိုလျှင် “ယာဉ်ကိုရှေ့တိုး နောက်ဆုတ်ပြုရန် အတွက် လက်နှင့် ကိုင်တွယ်သုံးရသည့် အချောင်းအတံ” ဟူ၍ ဘာသာပြန်ခဲ့ဖူး သည်ဟု ကြားဖူးပါသည်။ အလုပ်မဖြစ်ပါ။ အကြောင်းက “ဂီယာနံပါတ် ၁ ထိုး ဟေ့” ဟု ပြောလိုက်လျှင်ကိစ္စပြီးရမည့် အစား “ယာဉ်ကိုရှေ့တိုး နောက်ဆုတ်ပြုရန်အတွက် လက်နှင့် ကိုင်တွယ်သုံးရ သည့် အချောင်းအတံ နံပါတ် ၁ ထိုး ဟေ့” ဟု ပြောနေလျှင် အလုပ်မတွင်ပါ။
ကမ္ဘာတွင် မွေးစားစကားလုံးမရှိသော ဘာသာဟူ၍ မရှိသလောက်ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့လည်း ကိုယ့်မှာ မရှိသည့် စကားကို မွေးစားရပါသည်။ သို့ပေမင့် မြန်မာလို ရှိပါလျက်၊ မြန်မာလို လှည့်ပြောလျှင်ရနိုင်ပါလျက်နှင့် သာမန် အကြောင်းအရာ လောက်ကို တောင် အင်္ဂလိပ်တစ်ဝက်၊ မြန်မာတစ်ဝက် ပြောနေ၊ ရေးနေကြလျှင် မြန်မာစကား စစ်စစ် ကို မနည်းရှာရတော့မည်ဟု ထင်ပါသည်။
ထို့အပြင် မြန်မာစာနှင့် ပတ်သက်၍ ကျွန်တော်တို့အားနည်းနေပြီလား ဟု စဉ်းစားစရာဖြစ်သည်။ ဘာသာပြန် အရေးအသားများတွင် မြန်မာ မဆန်ခြင်း၊ စာမချောခြင်းက ထိုအချက် ကိုသက်သေပြနေပါသည်။ မြန်မာလို ရေးထားပါလျက် ဘာကိုဆိုလိုမှန်း မသိသောအရေးအသားများစွာ ရှိပါသည်။ ဘာသာပြန်လုပ်ငန်းတွင် သူ့ဘာ သာထက် ကိုယ့်ဘာသာကို ပိုကျွမ်းကျင် ဖို့လိုကြောင်း၊ တချို့က အင်္ဂလိပ်လိုတတ်ရုံနှင့် ဘာသာပြန်လို့ရမည်ဟု ထင်လျှင် မှားကြောင်းရှေ့မီနောက်မီ ဘာသာပြန် ဆရာကြီးများက ဆိုကြပါသည်။
“အိမ်သာဘယ်မှာလဲ”ဟု မေးချင်လျှင် “တွိုင်းလက်ဘယ်မှာလဲ”မေးသူ၊ “ကလေးပျက်ကျလို့” ဟု ပြောချင်လျှင် “အဘောရှင်းဖြစ်လို့” ဟု ပြောသူများ အများအပြားရှိသည်။ အဓိပ္ပာယ်က တော့ အတူတူ။ ဒါပေမယ့် ထိုသို့ ပြောမှ ပိုယဉ်ကျေးသွားသလားဆိုတာတော့ မသိပါ။
တလောက သတင်းတစ်ပုဒ်ဖတ် လိုက်ရပါသည်။ မလေးရှားနိုင်ငံတွင် နိုင်ငံသုံး ဘာသာစကားတွင် အင်္ဂလိပ် လိုညှပ် ပြောလျှင် မိခင်ဘာသာစကားကို မရိုသေမလေးစားရာ ရောက်သဖြင့် ဒဏ်တပ်ရိုက်မည်ဆိုသည့် သတင်းဖြစ်သည်။ တကယ် ဒဏ်ရိုက်ဖြစ်လား မရိုက်ဖြစ်လားတော့ မသိ။ ဒါပေမယ့် ထိုကိစ္စကိုအမျိုးသားရေး ပြဿနာ တစ်ရပ်အဖြစ် မလေးရှားအစိုးရက ရှုမြင် သည်ဟု ထိုသတင်းကဖော်ပြနေပါသည်။
ထိုပြဿနာသည် ယခုမကြီးကျယ် သေးသော်လည်း နောင်တစ်ချိန် ကြီးကျယ်သွားနိုင်ပါသည်။ ဘာကြောင့် အခုလို ဖြစ်ရသည်၊ ဘယ်လို ဖြေရှင်းကြမည် ဆိုတာကိုတော့ ပညာရှင်များ ဝိုင်းဝန်းဆွေးနွေး အဖြေရှာဖို့ လိုမည်ထင်ပါသည်။
မြန်မာတိုင်း(မ်)ဂျာနယ်၊ အမှတ် ၃၀၈ မှာပါခဲ့ဖူးတဲ့ ကျွန်တော့်ရဲ့ဒီဆောင်းပါးနဲ့တစ်ဆက်တည်း ၂၀၀၉ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့စွဲနဲ့ထုတ်တဲ့ Weekly Eleven ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၄၀၊ စာမျက်နှာ ၂၀ မှာပါတဲ့ လူထုစိန်ဝင်းရဲ့ “ပါပါး၊ မာမား၊ အားပူချေးနဲ့ အိုပါးတဲ့လား” ဆောင်းပါးကိုပါ ဒုတိယပိုဒ်ကစလို့ ဖော်ပြပေးလိုက်ပါတယ်။
မြန်ဂလိပ်စကား
ဒီနေ့အချိန်မှာ မြန်မာစာ၊ မြန်မာစာစကား တော်တော်လေး မျက်နှာငယ်နေတာ သတိပြုမိပါတယ်။ ထွက်နေတဲ့ ဂျာနယ်၊ မဂ္ဂဇင်း တွေမှာ မြန်မာနာမည်တပ်တာ တော်တော်ရှားနေပြီ။ အင်္ဂလိပ်လိုမှည့်မှ နိုင်ငံတကာအဆင့်မီသလို ဖြစ်နေတယ်။ စာရေးဆရာတွေ ကလည်း မြန်မာလူမျိုးတွေအတွက် ထုတ်တဲ့မြန်မာစာအုပ်တွေမှာ မြန်မာလိုချည်းသက်သက်ရေးရင် လူအထင်ကြီးမခံရမှာစိုးလို့ ထင်ရဲ့ ‘မြန်ဂလိပ်’ (Myanglish) စာတွေနဲ့ ညှပ်ပြီးရေးနေကြတော့တယ်။ “ဘစ်ဇနက် ဂျာနယ်လစ်ဇင်”တဲ့။ “အွန်လိုင်း ဂျာနယ်လစ်”တဲ့။ “အင်ဗိုင်းရွန်းမင်း”တဲ့။ “စတိတ်ဟိုးလဒါး” တဲ့။ “ဂိမ်းပလေယာ”တဲ့။ ဖတ်ရတာ တော်တော်မျက်စိ စပါးမွေး စူးရတယ်။ ပြုတ်တူတို့၊ ဂွရှင်တို့၊ ခွေးသွားစိပ်တို့၊ ဝက်အူလှည့်တို့ စတဲ့ ဝေါဟာရတွေကို တီထွင်ခဲ့ကြတဲ့ စက်ရုံအလုပ်ရုံတွေထဲက အလုပ်သမားတွေကိုတောင် ရှက်ဖို့ကောင်းနေပြီ။ နည်းပညာတွေရဲ့ တိုးတက်မှုအရှိန်အဟုန်က လျင်မြန်လွန်းတဲ့အတွက် မြန်မာ စကားလုံးတွေနဲ့ ဘာသာပြန်ဖို့ အချိန်ကိုမရနိုင်တော့ဘူးလို့ ဆင်ခြေပေးလည်း သဘာဝမကျပါဘူး။ "Atomic Bomb"ကို အဏုမြူဗုံး၊ "Rocket"ကို ဒုံးပျံ၊ "Missile" ကို ဒုံးကျည်၊ "Satellite" ကို ဂြိုဟ်တု၊ "Machine Gun" ကို စက်သေနတ် စသဖြင့် စတင်ဘာသာပြန်သုံးစွဲခဲ့သူတွေဟာ သတင်းစာဆရာတွေပါ။ နိုင်ငံခြားကြေးနန်းသတင်းထဲက ပါလာတဲ့ ဝေါဟာရတွေကို တစ်ထိုင်တည်းက ဘာသာပြန်လိုက်ရတာဖြစ်တယ်။ ဖြည်းဖြည်းအချိန်ယူ စဉ်းစားနေဖို့မဖြစ်တဲ့ သတင်းစာ အလုပ်လုပ်နေသူတွေကတောင် ဒီလိုတစ်မုဟုတ်ချင်း ဘာသာပြန်နိုင်ခဲ့ကြပါလျက်နဲ့ စဉ်းစားဖို့အချိန်ကြိုက်သလောက်ယူလို့ရတဲ့ စာရေးဆရာတွေက ဘာကြောင့် ဘာသာမပြန်နိုင်ရမှာလဲ။ ကြိုးစားအားထုတ်မှုကို မလုပ်ချင်ကြလို့သာဖြစ်ပါတယ်။ပါပါး မာမားခေတ်
နောက်တစ်ခါ ဘာတွေ့ရသလဲဆိုတော့ သတင်းစာထဲက ကြော်ငြာတွေ။ မွေးနေ့ဆုတောင်းတို့၊ မင်္ဂလာနှစ်ပတ်လည်ဆုတောင်းတို့လို့ ကြော်ငြာတွေမှာတွေ့ရတဲ့ ‘ပါပါး၊ မာမား’ဆိုတဲ့ အသုံးအနှံုးတွေ။ ဟိုရှေးကျွန်ဘဝက ရေပေါ်ဆီလူတန်းစားတွေကြား ခေတ်စားခဲ့တဲ့ ‘ဒယ်ဒီ၊ မာမီ’ဆိုတဲ့နေရာမှာ အစားထိုးဝင်ရောက်လာတာလေ။ မြန်မာလူမျိုးစင်စစ်တွေဖြစ်ပါလျက်နဲ့ ဘာကြောင့်များ ‘ပါပါး၊ မာမား’ကို ခံတွင်းတွေ့နေကြသလဲမသိပါဘူး။ ‘အဖေ၊ အမေ’ဆိုတဲ့အခေါ်အဝေါ်ဟာ ဘယ်လောက် အားပါးတရရှိပြီး လှိုက်လှဲတဲ့အဓိပ္ပာယ်ဆောင်ပါသလဲ။ ဖေဖေ၊ မေမေဆိုတာကတောင် ပေါ့ရွှတ်ရွှတ်ဖြစ်နေသလိုပါပဲ။ ဒါလောက်ခေါ်လို့ ကောင်းတဲ့ အဖေ၊ အမေ နေရာမှာ ဘာဖြစ်လို့များ ‘ပါပါး၊ မာမား’နဲ့ အစားထိုးချင်နေကြပါလိမ့်။ စဉ်းစားလို့ကို မရပါဘူး။အားပူချေးတဲ့လား
နောက်ပြီးတော့ရှိသေးတယ်။ ခုခေတ်ကလေးတွေ ပြောပြောနေကြတဲ့ ‘အိုပါး’တို့၊ ‘အိုမိုညီး’တို့ ‘အားပူချေး’တို့ဆိုတဲ့ စကားတွေ။ ဘာတွေမှန်းလည်းမသိပါဘူး။ ဟိုအရင် လေး၊ ငါးနှစ်ကတော့ ‘ရှဲ့ရှဲ့’တို့၊ ‘တွေ့ပူချိ’တို့၊ ‘မေးယိုကွမ်းစီး’တို့ ခေတ်စားခဲ့တာပေါ့။ ဒီလိုတိုင်းတစ်ပါးက စကားလုံးတွေကို မွေးစားလိုက်ကြတာဟာ မြန်မာစကားကြွယ်ဝသွားစေတာလား၊ မြန်မာစကားပျောက်ကွယ်သွားဖို့ ဖြစ်စေတာလားဆိုတာတော့ စဉ်းစားကြဖို့ကောင်းတယ်။ ကိုယ့်စာ၊ ကိုယ့်စကားပျောက်ပျက်သွားရင် ကိုယ့်လူမျိုးပါ ပျောက်ကွယ်သွားနိုင်တယ်မဟုတ်လား။ ဒီ အန္တရာယ်ကို ပေါ့သေးသေးမထင်စေချင်ဘူး။ ပျူစကား၊ ပျူစာနဲ့ ပျူလိုမျိုးတွေ ကွယ်ပျောက်သွားတာကို သင်ခန်းစာယူသင့်ကြပါတယ်။ ကိုယ့်စာ ကိုယ့်စကား ကိုယ့်ယဉ်ကျေးမှုတွေ ခိုင်မာအားကောင်းနေမှ ကိုယ့်လူမျိုးမပျောက်နိုင်မှာ ဖြစ်ပါတယ်။ ကိုယ့်ယဉ်ကျေးမှု ခိုင်မာအားကောင်းနေအောင် အမြဲ ဂရုစိုက်နေရပါမယ်။ ကိုယ်ခံအားကောင်းရင် ဘာမှ ကြောက်စရာမရှိပါဘူး။
နိုင်သူကိုတောင် မြိုပစ်နိုင်တာ
ဒီနေရာမှာ တရုတ်လူမျိုးတွေကို သာဓကအဖြစ်ပြောချင်တယ်။ တရုတ်လူမျိုးများရဲ့ ယဉ်ကျေးမှုဟာ ကမ္ဘာမှာ အဆင့်မြင့်ဆုံးဆိုတဲ့ ယဉ်ကျေးမှုကြီးတွေမှာ အပါအဝင်ဖြစ်ပါတယ်။ သက်တမ်းအားဖြင့်လည်း ရှည်ကြာလှပြီဖြစ်လို့ အင်မတန်မှကို ခိုင်ခံ့နေပြီဖြစ်တယ်။ တစ်ချိန်တစ်ခါမှာတော့ တရုတ်ပြည်ကြီးဟာ မွန်ဂိုတို့လက်အောက် ရောက်ခဲ့ပါတယ်။ မန်ချူးလူမျိုးများရဲ့ သိမ်းပိုက်အုပ်စိုးမှုကိုလည်း ခံခဲ့ရဖူးပါတယ်။ ဒါပေမယ့် တရုတ်တို့ရဲ့ယဉ်ကျေးမှုက ခိုင်ခံ့အားကောင်းလွန်းလေတော့ စစ်နိုင်ပြီး ကိုယ့်ကိုလာအုပ်စိုးတဲ့ မွန်ဂိုနဲ့မန်ချူးတွေကို လုံးဝလူမျိုးပျောက်ကွယ်သွားတဲ့အထိတောင် မြိုပစ်လိုက်နိုင်တာကို တွေ့ရပါတယ်။
ရှေးလူကြီးတွေကို အားနာပါ
ဒီသာဓကကိုကြည့်ပြီး ကိုယ့်ယဉ်ကျေးမှုတွေ ပျက်စီးကွယ်ပျောက်မသွားအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ အရေးကြီးကြောင်း သတိရှိကြစေချင်တယ်။ ကျွန်တော်တို့ ဘေးတစ်ဖက်တစ်ချက်မှာ ရှိနေတာက ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံကြီးနှစ်ခုနော်။ ကိုယ့်လူမျိုး၊ ကိုယ့်စာပေ၊ ကိုယ့်ဘာသာစကား၊ ကိုယ့်ယဉ်ကျေးမှုကို အင်မတန်မှကို တန်ဖိုးထားမှ တော်ကာကျမှာ။ အင်္ဂလိပ် အုပ်စိုးမှုအောက်ကျရောက်နေစဉ်အခါက တက္ကသိုလ်မှာ မြန်မာစာဌာနရယ်လို့တောင် မရှိတဲ့အခြေအနေကနေပြီး မြန်မာစာဌာန ထူထောင်ခွင့်ရဖို့ မြန်မာစာပေသင်ကြားခွင့်ရဖို့ ကြိုးပမ်းအားထုတ်ခဲ့ကြတဲ့ လူကြီးသူမများကို အားနားကြဖို့လည်းကောင်းတယ်။ ချိုချဉ်နဲ့ အာလူးကြော်လို ပစ္စည်းကစ မြန်မာပြည်တင်ပို့ရောင်းချဖို့သက်သက် နယ်စပ်ဒေသမှာတင် ထုတ်လုပ်တဲ့ပစ္စည်းတု၊ ဆေးဝါးတုတွေနဲ့ အပေါစားအညံ့စားပစ္စည်းမျိုးတွေကိုတော့ ကျဉ်ပစ်သင့်ကြတယ်။လွယ်အောင်လုပ်ပေးပါ
အမျိုးချစ်စိတ်ဆိုတာမျိုးက ဟောပြောနေရုံနဲ့ရတာမဟုတ်ပါဘူး။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးရဲ့ ချစ်စရာ ကောင်းတာတွေ၊ မြတ်နိုးတွယ်တာစရာကောင်းတာတွေကို လူငယ်တွေသိအောင် လုပ်ပေးဖို့လိုပါတယ်။ ဘန်ကောက်တို့၊ ဖူးခက်တို့ သွားဖို့လွယ်ကူသလို၊ ပူတာအိုသွားဖို့လွယ်ကူအောင် ဖန်တီးပေးဖို့လိုပါတယ်။ ပုဂံတို့၊ ပုပ္ပားတို့မှာရှိတဲ့ ဟိုတယ်ခတွေက ဘန်ကောက်တို့၊ ဖူးခက်တို့က ဟိုတယ်ခတွေထက် ဈေးကြီးမြင့်နေရင်တော့ လူငယ်တွေက ဘန်ကောက်ကို ရှော့ပင်းသွားချင်ကြတာ သဘာဝကျတယ်လို့ ဆိုရမှာပဲလေ။ဝေယံဘုန်း
Credit : http://www.waiyanphone.net/2009/07/blog-post_23.html
0
responses to “
ကပြားစာ၊ ကပြားစကား ရေးကြပြောကြလျှင်
”