မြန်မာစာ ထုံးဖွဲ့မှု
မြန်မာ လွတ်လပ်ရေး ကျေးဇူးကြောင့် မြန်မာစာသည် ရုံးသုံးစာ ဖြစ်လာ ခဲ့သည်။ ယခုအခါ စာသင် ကျောင်းတို့တွင် ပညာ အရပ်ရပ် တို့ကိုလည်း မြန်မာစာ အခြေခံဖြင့် သင်ကြားလျက် ရှိကြသည်။ ခေတ် အလျောက် တိုးတက် လာသော သိပ္ပံပညာရပ် တို့ကိုပင် မြန်မာ စကား၊ မြန်မာစာ တို့ဖြင့် သင်ကြား ပေးရန် လုံ့လ ထုတ်လျက် ရှိကြသည်။ ဤ အခြင်းအရာ တို့သည် မြန်မာစာ တိုးတက်ရေးကို ရှေ့ရှုလျက် ရှိကြသည်။
ဤ၌ ကျွန်တော်သည် မြန်မာစာ ကိုသာ အခြေပြု၍ တင်ပြ လိုပါသည်။ မြန်မာ စာပေ ဟူ၍ စကားကြီး စကားကျယ်ဖြင့် စတင်၍ မပြော လိုပါ။ သို့သော် စာအခြေခံ ကောင်းပါမှ စာပေလည်း အခြေခံ ကောင်းလာ ပေလိမ့်မည်။ ထို့ကြောင့် အားလုံးကို ခြံု၍ ပြောလျှင် အစိတ်အပိုင်း တို့လည်း ပါသည်ဟု ယူဆ နိုင်ပါသည်။
မြန်မာ့ သမိုင်း၌ မြန်မာစာကို သိပ္ပံ ပညာနှင့် ယှဉ်၍ တိုးတက် လာအောင် ဦးစွာ ကြိုးပမ်း ခဲ့ကြသူများမှာ မက္ခရာ မင်းသားကြီး၊ မြဝတီ ဝန်ကြီး ဦးစ အသိုက်အဝန်းနှင့် ကနောင်မင်းသား၊ ယောအတွင်းဝန် ဦးဘိုးလှိုင်တို့ အသိုက်အဝန်းများ ဖြစ်ကြသည်။ ၎င်းတို့၏ ခေတ်အရင်ကမူ မြန်မာ စာပေသည် ပါဠိ သက္ကတ စာပေ တို့နှင့် ယှဉ်၍ သာလျှင် တိုးတက် ခဲ့သည်။ ပါဠိ သက္ကတ စာပေ တို့မှာ ယခုခေတ် အခေါ် ဝိဇ္ဇာဟု ဆိုအပ်သော စာပေ အနုပညာ ဆိုင်ရာ ပညာရပ် တို့ကို တိုးပွား ပြန့်နှံ့ စေသော အစွမ်း ရှိသည်။ ထို ပါဠိ သက္ကတ တို့နှင့် ယှဉ်၍ ဝိဇ္ဇာ ပညာရပ်တို့ ပြန့်ပွား လာသည်နှင့် အမျှ မြန်မာ စာသည်လည်း တိုးတက် ခဲ့ပေသည်။ သို့သော် ရုပ်တရား၏ ကြီးပွား ချမ်းသာရေးကို လက်တွေ့ ရှာကြသော အနောက် နိုင်ငံသား တို့နှင့် ကျွန်ုပ်တို့ တိုင်းရင်းသား များသည် အကြိတ်အနယ် ယှဉ်ပြိုင် လာရသော အခါ သိပ္ပံပညာ၏ စွမ်းအင်ကို ရှေးမြန်မာ များသည် လျစ်လျူရှုခြင်း မပြုနိုင် ကြတော့ချေ။ မြန်မာ တို့သည် သိပ္ပံပညာကို အရ မယူနိုင် ပါက လောက ပြိုင်ပွဲ၌ အရှံုး ခံရဖို့ ရှိနေသည်ကို ခန့်မှန်း မိကြသည်။ ထို့ကြောင့် မက္ခရာ မင်းသားကြီး၊ မြဝတီ ဝန်ကြီး ဦးစ၊ ကနောင်မင်းသား၊ ယောအတွင်းဝန် ဦးဘိုးလှိုင် တို့သည် သူ့ခေတ်နှင့်သူ ပေါ်ထွန်း လာသော သိပ္ပံပညာရပ် တို့ကို မြန်မာမှုထဲတွင် အကျံုးဝင်အောင် ကြိုးပမ်း ခဲ့ကြသည်။ ထို့ကြောင့် ထိုပုဂ္ဂိုလ်ကြီး တို့၏ ကျေးဇူးသည် လွန်စွာ ကြီးမား လှပေသည်။
သို့ရာတွင် ကျွန်ုပ်တို့ နိုင်ငံ၌ ခေတ်အလျောက် တိုးတက်ခြင်း တည်းဟူသော အာသီသ ဓာတ်ခံ အစပျိုးချိန်တွင် နယ်ချဲ့ သမားတို့နှင့် ရင်ဆိုင် ရလေရာ ကျွန်ုပ်တို့သည် ယှဉ်ပြိုင် မည်ဟု တာစူ လိုက်သည်နှင့် တပြိုင်နက် အရှံုးပေး ခဲ့ရလေသည်။ ထို့ကြောင့် ဗြိတိသျှခေတ် တလျှောက်လုံးတွင် ကျွန်ုပ်တို့၏ တိုင်းရင်းသား ဉာဏ်စွမ်း ဉာဏ်စတို့ တိမ်မြုပ် ခဲ့ရသည်။ မြန်မာစာသည် ကျောက်တုံးအောက်၌ ပေါက်ရသော မြက်ကဲ့သို့ အင်္ဂလိပ်စာ အောက်တွင် ထွန်းပေါက် ခဲ့ရသည်။ ဤသည်တွင် မက္ခရာ မင်းသားကြီး၏ အစီအစဉ်သည် ပြတ်ခဲ့ ရလေသည်။
သို့သော် လွတ်လပ်ရေးကို ပြန်ရသော ဤခေတ် ၌ကား မြန်မာစာသည် အမှောင်ထဲမှ ရုတ်တရက် အလင်းထဲသို့ ဝင်လာ ခဲ့သည်။ တိမ်မြုပ် နေရာမှ ရုတ်တရက် ပြန်၍ ပေါ်ခဲ့သည်။ ဤအချိန်သည် မြန်မာစာ တိုးတက်မှု အတွက် အချိန်ကောင်းပင် ဖြစ်၏။
သို့ရာတွင် ကျွန်ုပ်တို့သည် အချိန်ကောင်း ထဲသို့ ရောက်ရှိ နေပါ သော်လည်း ကျွန်ုပ်တို့၏ တာဝန်ကို ပေါ့ပေါ့ဆဆ သဘောထား ကြပါလျှင် မြန်မာစာ တိုးတက်သည် ဟူသည်မှာ သက်သက် ဝွါကြား၍ ပြောဘိ သကဲ့သို့သာ ရှိချိမ့်မည်။ အချိန်သည် ကောင်းပင် ကောင်းပါ သော်လည်း ကျွန်ုပ်တို့၌ အန္တရာယ် ရှိမြဲ ရှိနေသည်။ ထိုအန္တရာယ်မှာ အခြား မဟုတ်။ ဒုတိယ ကမ္ဘာစစ်ကြီး အတွင်း ပညာရေး ရေသောက်မြစ် ပြတ်ခဲ့ရသော အန္တရာယ် ဖြစ်သည်။
ဗြိတိသျှ ခေတ်တွင် မြန်မာစာသည် အင်္ဂလိပ်စာ၏ လောင်းရိပ် အောက်တွင် ကျရောက် ခဲ့ရသည်။ သို့ပါ သော်လည်း မျိုးချစ် ပုဂ္ဂိုလ် အများ တို့၏ လုံ့လ ဥဿဟကြောင့် ပျောက်ကွယ် အံ့နီးနီး ရှိသော မြန်မာစာသည် ထင်ပေါ် လာခဲ့၏။ မြန်မာစာ၏ တိုးတက်မှုကို တိုင်းပြည်နှင့် အဝှမ်း ရှေ့ရှု လာခဲ့ကြ၏။ တိမ်မြုပ် နေသော မြန်မာမှု တို့ကို ပြန်ဖော် ခဲ့ကြ၏။ သို့သော် ဒုတိယ ကမ္ဘာစစ်ကြီးသည် မြန်မာစာ၏ အဖူးကို ဆိတ်လိုက် ပြန်သည်။ ထိုစစ်ကြီး အတွင်း ကျွန်ုပ်တို့၏ လူငယ် လူရွယ် အများပင် အခြေခံ တို့၌ လျှောကျ သက်ဆင်း ခဲ့ကြရသည်။ ပညာ သင်ချိန်တွင် ပညာသင်ခွင့် မရဘဲ တိုင်းပြည် အတွက် သေနတ် ကိုသာ ထမ်းခဲ့ရသည်။ လွတ်လပ်ရေး ရ၍ ပြန်လည် ထူထောင်ရန် စိတ်ကူး ခဲ့ကြသော အခါ ၌လည်း တနိုင်ငံလုံး သောင်းကျန်း မီးကြီး ဟုန်းဟုန်း တောက်နေ သောကြောင့် ကျွန်ုပ်တို့၏ စိတ်ကူးသည် ထင်သလောက် ခရီး မရောက်ချေ။ ထို့ကြောင့် ပညာရေး အခြေခံတို့ ပျက်ပြား လာသော အခါ မြန်မာစာ သည်လည်း ထိုအခြေခံ ပျက်ပြားသော ဒဏ်ကို ခံရ ပြန်သည်။
ထို့ကြောင့် ယခုခေတ်တွင် အခြေခံ နုံနဲ့ သူတို့သည် မြန်မာစာကို ဖြစ်သလို ရေး၍ နေကြ ရရှာသည်။ မြန်မာစာသည် ရုံးသုံးစာ ဖြစ်လေရာ အမှန်စင်စစ်မှာ အစိုးရ ရုံးများက အစပြု၍ မြန်မာစာကို ရေးထုံး နည်းနာ မှန်ကန်စွာ ရေးသား ကြရဖို့ ရှိသည်။ သို့သော် ရုံးများတွင် အောက်တန်း စာရေး၏ ရုံးတွင်း မှတ်စု မှသည် အတွင်းဝန်၏ အစီရင်ခံစာ အထိ စာ အရေးအသားမှာ မပြေပြစ်ချေ။ ဤအထဲတွင် အခြေခံ မရှိ သူတို့က အင်္ဂလိပ် နည်းကို ယူ၍ မြန်မာစာကို အရုပ်အဆင်း ဖျက် ကြပြန်သည်။ ဥပမာ - မောင်ဘသည် မောင်လှထံသို့ စာရေးရန် ရှိသည်ဟု ဆိုကြပါစို့။ ထိုအခါ မောင်ဘသည်
မောင်ဘ ထံမှ
မောင်လှ ထံသို့
ဟူ၍ စာရေးပို့လျှင် မောင်လှသည် ကောင်းစွာ နားလည်မည် ဖြစ်သည်။ သို့သော် အင်္ဂလိပ်စာ ပယောဂ ဝင်နေ ပြီးလျှင် မြန်မာစာ ကိုလည်း မတတ်ကျွမ်းသော သူတို့က -
သို့
မောင်လှ
မှ
မောင်ဘ
ဟု ရေးလေသည်။ ဤ အရေးအသားသည် မြန်မာစာ အစဉ်ကို ဖျက်သော အရေးအသားမျိုး ဖြစ်သည်။ ဤသာမည ကိစ္စ၌ပင် အလွဲလွဲ အချော်ချော် ဖြစ်နေ ခဲ့ပါလျှင် အရေးကြီးသော အစိုးရ စကား၊ အစိုးရ စာတို့၌ အဘယ်မှာလျှင် တိကျ မှန်ကန်အောင် ပြောဆို ရေးသား နိုင်မည်နည်း။ တိကျ မှန်ကန်သော စာကို မရေး တတ်သူသည် အဘယ်မှလျှင် တိကျ မှန်ကန်သော အမိန့်ကို ထုတ်တတ် ပါမည်နည်း။ တိကျ မှန်ကန်သော အမိန့်ကို မထုတ်တတ် သူသည် အုပ်ချုပ်ရေးကို အဘယ်မှာလျှင် ဦးစီး နိုင်ပါ မည်နည်း။
ထို့ကြောင့် အသေးအဖွဲဟု ပထမက ထင်ရ သော်လည်း နောင်အခါ ၌ကား ထိုအသေးအဖွဲ့ တို့သည် ပင်လျှင် ပျားရည် တစက်ကြောင့် ပြည်ပျက် ရသော ကိန်းကို ပို့ဆောင် ပေးလိမ့်မည်။
သို့သော် မြန်မာစာသည် ရုံးသုံးစာ ဖြစ်လာ လေရာ အစိုးရ ရုံးများသည် မြန်မာစာ အရေးအသားကို ဂရု မစိုက်ဘဲ မနေနိုင် တော့ချေ။ ထို့ကြောင့် တိုင်းပြည် တည်စက ဖရိုဖရဲ ဖြစ်ခဲ့သည် တို့ကို လုပ်ငန်းက စေ့ဆော်ခြင်းကြောင့် ပြုပြင် လာရသည်။ ထိုသဘော တို့ကြောင့် ရှေးက ပြဆို ခဲ့သော ချွတ်ယွင်းချက်တို့ ကြားထဲမှ ရသုံး ခန့်မှန်းခြေ ငွေစာရင်းနှင့် အစီရင်ခံစာ အမျိုးမျိုး တို့သည် မြန်မာစာ သက်သက်ဖြင့် တင့်တောင့် တင့်တယ် ပေါ်ထွက် လာနိုင် ခဲ့သည်။ အစိုးရ အစီရင်ခံစာ တို့တွင် မြန်မာစာ အသုံးအနှုန်းသည် မစင်ကြယ် သေးဟု ဆိုရ စေကာမူ ယနေ့ အဖို့၌ အားလုံးကို ခြံုကြည့်လျှင် ရုံးသုံး မြန်မာစာသည် ဗြိတိသျှ ခေတ်ကထက် အဆပေါင်း များစွာ တိုးတက် လာသည်ကို ဝမ်းသာ စရာ တွေ့ရ ပြန်သည်။
သို့သော် စာဖြင့် အသက် မွေးရသော လောကကို ကြည့်ပြန် လျှင်ကား ဝမ်းနည်းစရာ ကောင်းသေး၏ဟု ဆိုရမလို ဖြစ်နေ ပြန်သည်။
သတင်းစာ လောကသည် လူထုကို ရှေ့ဆောင် ပြုရသော လောက ဖြစ်သည်။ အထူးသဖြင့် သတင်းစာ အရေးအသားသည် လူထုကို ရှေ့ဆောင် ပြုသော နမူနာပြ အရေးအသား ဖြစ်သည်။ သို့သော် ကျွန်တော်သည် သတင်းစာ ဆရာ တဦး အနေနှင့် သတင်းစာ ဆရာလောက် မြန်မာ့ ရေးထုံးကို ဂရုမစိုက် ပြုသူမှာ သတင်းစာ ဆရာသာ ဖြစ်သည်ဟု ဝန်ခံ လိုပါသည်။ ကျွန်တော် ကိုယ်တိုင်ပင်လျှင် သတင်းစာ ဆရာ ဖြစ်လာသည့် နေ့မှ စ၍ သတ်ပုံ သတ်ညွှန်း မမှန်ချင် တော့ပါ။ နေရာ တကာတွင် စာပြင် ဆရာ အားကိုးနှင့်သာ ရေးချ မိပါသည်။ စာပြင် ဆရာ တို့က ဆရာ့ ဂုဏ်နှင့် ညီလျှင် သင့်ပါ သေး၏။ စာပြင် ဆရာ ကိုယ်တိုင်က စာမတတ်လျှင် ခွက်ခွက် လန်ပါ တော့သည်။ ဤအထဲတွင် စာမတတ်သူ စာပြင် ဆရာ တို့၌ မာန တခွဲသား ရှိတတ်သည်။ အယ်ဒီတာ တို့က သည်လည်း ညသတ်ကို ညွှန်ပြလျှင် သူတို့က ဆရာ လုပ်သည် ထင်၍ အရွဲ့ တိုက်ကာ လုံးတင် ဆန်ခတ် ပြုလိုက် သေး၏။ ကြာလတ်သော် အယ်ဒီတာ တို့လည်း လုံးတင် ဆန်ခတ် ထဲသို့ မသိမသာ ရောက်သွား ကြရပါသည်။ သို့သော် တဖန် စာပြင် ဆရာကို စာစီ သမားက ကောင်းကောင်းကြီး နိုင်လိုက် သေးသည်။ အမှန်မှာ မြန်မာစာ လောကကို စာစီဆရာ ကသာ ဖန်ဆင်း နိုင်သည်။ ဤအကြောင်းကို ထင်ရှားအောင် သာဓက ပြပါမည်။
တခါရံသော် သတင်းစာ တစောင်မှ အယ်ဒီတာ တဦးသည် သတင်းစာ တခုကို ဆိုရှယ်လစ်ဟု ခေါင်းစဉ် တပ်၍ ပေးလေ သတတ်။ ထိုအခါ သတင်းစာ ပုံနှိပ်တိုက်၏ စာခုံတွင် 'စ်' စာလုံး မရှိ သောကြောင့် စာစီ သမားသည် 'စ်' အစား 'စိ' ကို ထည့်၍ စီလေ သတည်း။ နံနက်လင်းသော် ထို သတင်းစာ ထဲ၌ ပါလာသော ဆိုရှယ်လစ် ခေါင်းစီး စာသားသည် ဆိုရှယ်ဟိုသင်း ဖြစ်၍ လာလေရာ အဆိုပါ သတင်းစာမှာ ကံကောင်း လွန်း၍သာ စာခွက်မှောက် မခံလိုက် ရပါ။
သို့သော် မြန်မာစာ တိုးတက်မှုကို တကယ် လိုလားလျှင် စာစီ သမားနှင့် စာစီ ဆရာ တို့ကို တာဝန် လွှဲချ၍ မဖြစ်နိုင်ပါ။ သတင်းစာ စာစီ ဆရာများ ကိုယ်တိုင်က အရေးအသားကို ထုံးနည်း မှန်အောင် ရေးရ ပါလိမ့်မည်။ သို့ပါ သော်လည်း ယနေ့ထုတ် သတင်းစာ တစောင်ကို ကိုင်ဖတ် လိုက်လျှင် 'သည်' နှင့် 'မှ'၊ 'ကို' နှင့် 'အား' ကိုမျှ မှန်ကန်အောင် မရေး တတ်သော အဖြစ်ကို ကျွန်ုပ်တို့ တွေ့နေ ရသည်။ သတ်ပုံကိုမူ ထည့်၍ မပြောပါ နှင့်တော့။ ကံ ကတ္တား ကိုပင်လျှင် သူ့နေရာနှင့် သူ နေရာ မချတတ်ပါ။ ထို့ကြောင့် တရားလိုသည် တရားခံ၊ တရားခံသည် တရားလိုဖြစ် ဟူသော ကိစ္စမျိုးကို တွေ့နိုင်ပါသည်။ အချို့တို့မှာ မိမိတို့ ဘာရေး ထားသည်ကို ရေးသူ ကိုယ်တိုင် ပင်လျှင် နားလည် ပါလေစဟု စာဖတ်သူတို့ သံသယ ဖြစ်မိ ကြသည်။
သတင်းစာ လောကကို အပြစ် တင်လျှင် စာရေး ဆရာ လောကကော အပြစ် ကင်းပါ၏ လောဟု မေးစရာ ရှိ၏။ ဤ၌လည်း ကျွန်တော် ကိုယ်တိုင် ပင်လျှင် စာရေး ဆရာ အဖြစ်ဖြင့် အပြစ် မကင်းပါဟု ဝန်ခံ လို၏။
ကျွန်ုပ်တို့၏ စာရေး ဆရာ တို့သည် အရေး သမားချည်းသာ ဖြစ်ကြဟန် လက္ခဏာ ရှိ၏။ ၎င်းတို့သည် အဖတ် သမားများ မဟုတ်၍ စာအဖတ် နည်းဟန် တူ၏။ စာသမား ဖြစ်ပါ လျက်နှင့် စာအဖတ် နည်းသောကြောင့် စာ အတွေ့အကြံု နည်းလေသည်။ ဤအထဲတွင် များစွာသော သူတို့မှာ စစ်အတွင်း ပညာရေး ရေသောက်မြစ် ပြတ်ခိုက်နှင့် ကြံုခဲ့ရ သောကြောင့် သတ်ပုံ သတ်ညွှန်းမှ အစ သဒ္ဒါနည်း အထိ အခြေခံ အားဖြင့် မနိုင်ခဲ့ချေ။
အမှန်မှာ စာရေး ဆရာ တို့သည် စာ အရေးအသား၌ သတင်းစာ ဆရာ တို့ကို ပင်လျှင် ဦးစီး ခေါင်းဆောင် ပြုနိုင်ရမည့် တာဝန် ရှိသည်။ သို့သော် စာရေး ဆရာ တို့သည် သတင်းစာ ဆရာတို့၏ အမှားကို ပင်လျှင် ခြေရာနင်း၍ လိုက်နေ ကြဟန် တူသည်။
ယခုခေတ် စာရေးဆရာ ဖြစ်ဖို့ရာ သဒ္ဒါ အရာ၌ ရှင်မဟာကစ္စည်း ကဲ့သို့ ပြီးမြောက် ရမည်ဟု ကျွန်တော် မဆိုချင်ပါ။ မြန်မာစာကို မြန်မာ ဖတ်လျှင် အဓိပ္ပာယ် ပေါက်အောင် ရေးထုံး နည်းနာတော့ မှန်ရ ပါလိမ့်မည်။ သဒ္ဒါသည် အဖွဲ့ ဖြစ်သည်။ သဒ္ဒါသည် အနှစ် မဟုတ်။ ထို့ကြောင့် အဖွဲ့ကို ပစ်၍ အနှစ် ကိုသာ ဂရု စိုက်ရ မည်ဟု ဆိုချင် ကြပေ လိမ့်မည်။ အနှစ်သည် ပတ္တမြား ဖြစ်ပါ၏။ သို့ပါသော် ထို ပတ္တမြားကို ထင်းရူးသားနှင့် လုပ်သော ဘူးထဲ ထည့်၍ ပြလျှင် မည်သူမျှ ပတ္တမြား၏ တန်ဖိုးကို သိနိုင်မည် မဟုတ်ပါ။ ပတ္တမြား တန်ဖိုး ထင်ပေါ်အောင် ဖန်ကြုတ်ဖြင့် အပြ ကောင်းစေ ရမည် ဖြစ်သည်။ အဖွဲ့ ဟူသည် ဖန်ကြုတ်ပင် ဖြစ်ပါ၏ ။
ထို့ကြောင့် မည်သူ မည်သို့ပြောပြော အရင်းခံ ဖြစ်သော အဖွဲ့သည် လိုအပ် သည်ပင် ဖြစ်၏။ ရေကို လိုလျှင် ခွက်နှင့် ခပ်ရ သကဲ့သို့ အနှစ်ကို လိုလျှင် အဖွဲ့နှင့် ခပ်ရ ပါသည်။ သတ်ပုံ သတ်ညွှန်းနှင့် သဒ္ဒါ တို့သည် အဖွဲ့၏ အခြေခံ ဖြစ်သည်။ အခြေခံကို မနိုင်လျှင် လူတကာ နားလည်အောင် မည်သို့မျှ ရေးတတ်မည် မဟုတ်ပါ။ အခြေခံကို နိုင်လျှင် မူကား စာရေးခြင်း အတတ်၌ မြေလျှိုး မိုးပျံ နိုင်ကြ ပေလိမ့်မည်။
ကျွန်တော် ဤသို့ တင်ပြ သည်မှာ ယေဘုယျများ ကိုသာ တင်ပြ နေခြင်း ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာ နိုင်ငံတွင် စာ အရေးအသား၌ ဂရု မစိုက်သော သတင်းစာ ဆရာနှင့် စာရေး ဆရာတို့ ချည်းသာ ရှိကြ သည်ဟုလည်း မယူဆ ကြပါနှင့်။ ကြာဟူသည် နွံထဲမှ ထ၍ ပေါက်တတ် ပါသည်။ ယေဘုယျ အားဖြင့် မြန်မာစာ အရေးအသား တို့တွင် ထုံးဖွဲ့မှု၌ အခြေခံ မကောင်း၍ ချွတ်ယွင်းချက် အတိပင် ဖြစ်သော်ငြားလည်း တိုးတက်သော သူတို့ကား တိုးတက် လျက်ပင် ရှိပါသည်။
ယခု ကျွန်တော်တို့ရောက်ရှိ နေသော အချိန်သည် နုချိန်ပင် ဖြစ်ပါသည်။ တနေ့သော် ကျွန်တော် တို့သည် ရင့်ကျက် လာကြ ဦးမည် ဖြစ်ပါ၏။ ထို့ကြောင့် ကျွန်တော် တို့၏ ပတ်ဝန်းကျင်တွင် ယိုးယွင်း ပျက်စီးမှုတို့ ရှိနေ သော်လည်း မြန်မာစာ တိုးတက်မှု တို့ကို ရှေ့ရှု လိုသော သုတေသီ ပုဂ္ဂိုလ် တို့၏ ကျေးဇူးကြောင့် မြန်မာစာ အရေးအသား တို့သည် တဖြည်းဖြည်း စင်ကြယ် လာစရာ အကြောင်း ရှိပါသည်။ ယခုခေတ် ၌ပင်လျှင် မြန်မာစာကို ရုံးသုံး ပြုလုပ်ခြင်းကြောင့် လည်းကောင်း၊ စာသင်ကျောင်း များ၌ ပညာရပ် တို့ကို မြန်မာလို ပို့ချ ပေးရခြင်းကြောင့် လည်းကောင်း၊ စကားပြေ အရေးအသားကို လူတို့သည် အတော်အတန် ဂရု စိုက်လာ ကြပြီ ဖြစ်သည်။
တောမီးကြီး လောင်သော အခါ မီးလောင် မြေထဲမှ ပြန်ပေါက်များသည် စိမ်းလန်း စိုပြည်စွာနှင့် သစ်ပင်ကြီး ဖြစ်လာ ကြဦးမည် သာတည်း။
မောင်ထင်
အနုပညာ လောက
၁ ရက်၊ အောက်တိုဘာ၊ ၁၉၆၁
၂၀၀၆ ခုနှစ်၊ ဇွန်လမှာ မြစ်ကွေ့ စာအုပ်တိုက်က ပထမ အကြိမ် ထုတ်ဝေ လိုက်တဲ့ မောင်ထင်ရဲ့ 'စာအုပ်နှင့် စာ' စာအုပ်က "မြန်မာစာ ထုံးဖွဲ့မှု" စာပေရေးရာ ဆောင်းပါးကို ပြန်လည် ကူးယူ ဖော်ပြ လိုက်တာ ဖြစ်ပါတယ်။