မြန်မာစာ၊ မြန်မာစကားနဲ့ မြန်မာစကား၊ မြန်မာစာ
မြန်မာစကား နဲ့ မြန်မာစာ-ကို ရောရောထွေးထွေး သုံးနေကြတာလည်း တွေ့ရပါတယ်။ အမှတ်တမဲ့ ဆိုရင်တော့ အတူတူပဲလို့ထင်ရပေမယ့် တကယ်တော့ မြန်မာစကားနဲ့ မြန်မာစာ-ဟာ မတူပါဘူး။ မြန်မာ-ကို ခဏထားပြီး စကား-နဲ့ စာ-ကိုပဲ အရင်ကြည့်ရအောင်ပါ။
စကားဆိုတာက အဓိကအားဖြင့် လူတွေရဲ့ ပါးစပ်ထဲက အသံထွက်လာတဲ့ စကားသံတွေပါ။ အဲဒီစကားသံတွေကို ကွေးကွေးကောက်ကောက် အမှတ်အသားတွေနဲ့ သစ်ရွက်ပေါ်မှာ၊ ကျောက်တုံးပေါ်မှာ၊ ပေပေါ်မှာ၊ ပုရပိုက်ပေါ်မှာ၊ စက္ကူပေါ်မှာ၊ နောက်ဆုံး ကွန်ပျူတာမျက်နှာပြင်ပေါ်မှာ ရေးသားပုံနှိပ်လိုက် တော့မှ စာရယ်လို့ ဖြစ်လာတာပါ။
ဒီတော့ စကားနဲ့စာ မတူပါဘူး။ အဲ ဒါပေမယ့် စကားရော၊ စာရော အသုံးပြုပုံချင်းတော့ တူတယ်လေ။ လူတယောက်နဲ့တယောက် ဆက်သွယ်ရာမှာ စကားနဲ့ပြောပြီး ဆက်သွယ်လို့လည်းရတယ်။ စာနဲ့ရေးပြီး ဆက်သွယ်လို့လည်း ရတယ်မဟုတ်လား။ ဒါကြောင့် ပညာရှင်တွေက စကားရော စာရော ဘာသာစကားတခုရဲ့ အသွင်ကွဲတွေပဲလို့ယူဆပြီး စကားကို အပြောဘာသာစကား (Spoken Language)၊ စာကို အရေးဘာသာစကား (Written Language) လို့ ခွဲခြားခေါ်ကြပါတယ်။

အဲ မြန်မာစကားနဲ့ မြန်မာစာဟာလည်း အဲဒီသဘောပါပဲ။ မြန်မာစကားဆိုတာက မြန်မာတွေ နေ့စဉ် ပါးစပ်ကပြောဆိုနေတဲ့ စကားသံတွေပါပဲ။ ဘာသာစကားတိုင်းမှာ အခြေခံအားဖြင့် သရသံနဲ့ ဗျည်းသံဆိုပြီး အသံနှစ်မျိုးရှိတယ်။ မြန်မာစကားမှာလည်း မြန်မာသရသံ၊ မြန်မာဗျည်းသံတွေရှိတယ်။
လူ-ဆိုတဲ့ စကာသံကိုကြည့်ရင် လ-ဆိုတဲ့ ဗျည်းသံနဲ့ အူ-ဆိုတဲ့ သရသံ တွဲစပ်ထားကြောင်း သိနိုင်ပါတယ်။
လ+အူ+= လူ-ပေါ့၊ ဗျည်းသံမပါဘဲ သရသံ ချည်းသက်သက်လည်း ရွတ်ဆိုလို့ရတယ်။
အာ၊ အန်၊ အစ်၊ အုတ်၊ အောင်-စသည်ဖြင့် အ-ပါတဲ့ အသံအားလုံးဟာ သရသံတွေပါပဲ။ အဲ-ဗျည်းသံကျတော့ သရသံမပါဘဲ သူ့ချည်းသက်သက် ရွတ်လို့မရဘူး။
လ-ကို ဗျည်းသက်သက်ရွတ်ရင် လ်-ဆိုပြီး လျှာကလေးလိပ်ထားတဲ့ အနေအထားပဲရှိမယ်။ အသံထင်ထင်ရှားရှား ထွက်မလာနိုင်ဘူး။ နောက်က အူ-ဆိုပြီး သရသံ တွဲလိုက်မှ လ+အူ=လူ ဆိုပြီး အသံထွက်သွားတာပါ။
မြန်မာစကားမှာ အဲဒီ သရသံ၊ ဗျည်းသံတွေ အမျိုးမျိုးတွဲဖက်ပြီး ပေါ်ပေါက်လာတဲ့ စကားသံတွေနဲ့ တယောက်နဲ့တယောက် ပြောဆိုဆက်သွယ်ကြရပါတယ်။
မြန်မာစာကတော့ အဲဒီမြန်မာစကားသံတွေကို ကြာကြာခံအောင် အမှတ်အသားတွေနဲ့ ရေးမှတ်ပြီး တီထွင်ထားတဲ့ စာပါပဲ။ ခုနပြောခဲ့တဲ့ လ-ကိုပဲ သာဓကဆောင်ပါ့မယ်။ ပါးစပ်ထဲမှာ လျှာကို အာခေါင်နဲ့ထိပြီး ရွတ်ဆိုရတဲ့ လ-ဆိုတဲ့အသံကို ဟောဒီ လ-ဆိုတဲ့ ကောက်ကောက်ကွေးကွေး စာလုံးလေးနဲ့ ရေးလိုက်တော့ စာဖြစ်လာတာပါပဲ။ အူ-ဆိုတဲ့ နှုတ်ခမ်းကလေးကို စုပြီး ရွတ်ဆိုလိုက်တဲ့အသံကလေးကို (နှစ်ချောင်းငင်) ဆိုတဲ့ အချောင်း နှစ်ချောင်းနဲ့ ရေးလိုက်တော့ စာဖြစ်လာတာပါပဲ။ အဲဒီနှစ်ခုပေါင်းတော့ လရေးနှစ်ချောင်းငင် လူ-ဆိုတဲ့ စာလုံးကလေး ဖြစ်လာတာပါပဲ။
မြန်မာစာ ဘယ်တုန်းက ပေါ်သလဲဆိုတော့ ပုဂံခေတ် ၁၁-ရာစုက ပေါ်တာမို့ ခုဆိုရင် မြန်မာစာပေါ်တာ နှစ်တထောင်ရှိပြီ ဆိုပါတော့။ အဲ-မြန်မာစကား ဘယ်တုန်းက ပေါ်သလဲမေးရင်တော့ အဖြေရခက်ပါ လိမ့်မယ်။ မြန်မာလူမျိုးရယ်လို့ ပေါ်စကတည်းက မြန်မာစကား ပြောကြမှာဆိုတော့ မြန်မာလူမျိုးနဲ့အတူ မြန်စာစကား ပေါ်လာတယ်လို့ ပြောရင် သဘာဝကျပါတယ်။ မြန်မာစာထက် အများကြီး စောမှာပါ။
နောက်တခုက စကားဆိုတာ စကားပြောတတ်စ အရွယ်ကတည်းက တတ်လာတာမဟုတ်လား။ မြန်မာကလေးတယောက် အသက်တနှစ်ကျော် နှစ်နှစ်လောက်ဆိုရင် မြန်မာစကားစပြီး ပြောတတ်ပြီ။ မြန်မာစာကျတော့ သင်ယူမှတတ်တာလေ။ ကျောင်းမှာသွားအပ်ပြီး ဆရာ ဆရာမတွေက သင်ပေးမှ တတ်တာမဟုတ်လား။ ပြီးတော့ မွေးကတည်းက ဆွံ့အနေတဲ့သူမဟုတ်ရင် မြန်မာတိုင်း မြန်မာစကား တတ်ပါတယ်။ အဲ မြန်မာစာကျတော့ မြန်မာတိုင်း မတတ်ပါဘူး။ စာမတတ်တဲ့သူတွေရှိနေလို့ အ,သုံးလုံး သင်တန်းတွေ၊ ဘာတွေ လုပ်ပေးရတာပေါ့။
နောက်ထပ် စိတ်ဝင်စားစရာတခုက မြန်မာစကား မတတ်တဲ့သူ မြန်မာစကားတတ်အောင် သင်ချင်ရင် (နိုင်ငံခြားသား ဆိုပါတော့) မြန်မာစာ သင်စရာမလိုဘဲ မြန်မာစကားတတ်အောင် သင်လို့ရတယ်။ တတ်လည်းတတ်တယ်။ အဲ မြန်မာစာ မတတ်တဲ့သူ မြန်မာစာတတ်အောင် သင်ချင်ရင်တော့ မြန်မာစကားကို အရင်တတ်ထားမှ သင်လို့ရမယ်။ မြန်မာစကားမတတ်ဘဲ မြန်မာစာသင်လို့ မရဘူး။ အဲဒါတွေကတော့ မြန်မာစကားနဲ့ မြန်မာစာ ကွဲပြားတဲ့အကြောင်းတွေပါပဲ။
မှတ်သားစရာတခုနဲ့ အဆုံးသတ်ပါ့မယ်။ မြန်မာစကားဟာ ဘယ်ကဆင်းသက်လာသလဲလို့ဆိုရင် ကမ္ဘာပေါ်မှာ မျိုးနွယ်တူတဲ့ ဘာသာစကားမျိုးစုကြီးတွေထဲမှာ တိဗက်တရုတ်ဘာသာစကားမျိုးစု (Sino Tibetan Language Family) ဆိုတဲ့ မျိုးစုကြီးရှိတယ်။ အဲဒီမျိုးစုကြီးရဲ့ မျိုးခွဲတွေထဲမှာ “တိဗက်မြန်မာ” မျိုးခွဲစုဆိုတာ တခုပါတယ်။ မြန်မာစကားဟာ အဲဒီတိဗက်မြန်မာ မျိုးခွဲထဲက ဘာသာစကားတခု ဖြစ်တယ်လို့ မှတ်သားနိုင်ပါတယ်။
ဒါဆို မြန်မာစာကကော ဘယ်က ဆင်းသက်ပါသလဲ။ အိန္ဒိယနိုင်ငံမှာ ခရစ်မပေါ်မီ ဘီစီငါးရာစုလောက်မှာ စတင်ပေါ်ပေါက်တဲ့ ဗြာဟ္မီ အရေးအသား (Brahmi Script) က ဆင်းသက်လာတဲ့ စာတွေထဲမှာ မြန်မာစာလည်း တခုအပါအဝင် ဖြစ်ပါတယ်။ ခရစ်ပေါ်စလောက်က အိန္ဒိယယဉ်ကျေးမှု အရှေ့တောင် အာရှကို ပျံ့နှံ့ရာမှာ အဲဒီ ဗြာဟ္မီ အရေးအသားက ဆင်းသက်တဲ့ စာအရေးအသားစနစ်ကို မြန်မာတွေ ရရှိလိုက်တာဖြစ်ပါတယ်။
ကဲ ဒီလောက်ဆိုရင် မြန်မာစကားနဲ့ မြန်မာစာ အကြောင်း ရှင်းလောက်ပါပြီ။
မောင်မယ်တို့ အသိအမြင် တိုးပွားကြပါစေ။
မောင်ခင်မင် (ဓနုဖြူ)
(မင်္ဂလာမောင်မယ် ၂၀၁၀-မတ်လ)