အို ဘယ့် မြန်မာစာ
ကျွန်တော်သည် မြန်မာစာအဓိကဖြင့် ကျောင်းပြီးထားသူတစ်ဦး မဟုတ်သော်လည်း မြန်မာစာကို စိတ်ဝင်စားသူ၊ မြန်မာစာကို ချစ်မြတ်နိုးသူ၊ မြန်မာစာပေ၌ မွေ့လျော်သူတစ်ဦး ဖြစ်ပါသည်။
ကျွန်တော်သည် ဤဆောင်းပါးကို မြန်မာစာ၏တန်ဖိုးကို ဖွင့်ဆိုရှင်းပြရန်သော်လည်းကောင်း၊ မြန်မာစာဘက်မှ ခုခံချေပ ပြောဆိုရန်လည်းကောင်း ရည်ရွယ်ရေးသားခြင်း မဟုတ်ပါ။ မြန်မာစာနှင့် ပတ်သက်၍ ကျွန်တော်၏အမြင်ကို တင်ပြခြင်းဟုဆိုက ပို၍ မှန်ပါလိမ့်မည်။ မြန်မာစာ၏တန်ဖိုး၊ မြန်မာစာ၏သဘောနှင့် ပတ်သက်၍ ကျွန်တော့်ထက် ပိုမိုတတ်သိနားလည်သည့် မြန်မာစာပါရဂူ တစ်ဦး၊ ဘာသာဗေဒကျွမ်းကျင်သူတစ်ယောက်က ရှင်းလင်းတင်ပြမည်ဆိုပါက ပိုပြီး ပြည့်စုံနိုင်ပါသည်။ ထိုသို့ရှင်းလင်းရေးသားကြရန်လည်း မျှော်လင့်ထားပါသည်။
ကျွန်တော်သည် ဤဆောင်းပါးကို မြန်မာစာ၏တန်ဖိုးကို ဖွင့်ဆိုရှင်းပြရန်သော်လည်းကောင်း၊ မြန်မာစာဘက်မှ ခုခံချေပ ပြောဆိုရန်လည်းကောင်း ရည်ရွယ်ရေးသားခြင်း မဟုတ်ပါ။ မြန်မာစာနှင့် ပတ်သက်၍ ကျွန်တော်၏အမြင်ကို တင်ပြခြင်းဟုဆိုက ပို၍ မှန်ပါလိမ့်မည်။ မြန်မာစာ၏တန်ဖိုး၊ မြန်မာစာ၏သဘောနှင့် ပတ်သက်၍ ကျွန်တော့်ထက် ပိုမိုတတ်သိနားလည်သည့် မြန်မာစာပါရဂူ တစ်ဦး၊ ဘာသာဗေဒကျွမ်းကျင်သူတစ်ယောက်က ရှင်းလင်းတင်ပြမည်ဆိုပါက ပိုပြီး ပြည့်စုံနိုင်ပါသည်။ ထိုသို့ရှင်းလင်းရေးသားကြရန်လည်း မျှော်လင့်ထားပါသည်။
ဤဆောင်းပါး ရေးရခြင်းအကြောင်းကို တင်ပြရလျှင်တော့ တစ်နေ့ ကျွန်တော် စာသင်ပေးခဲ့သော တပည့်မ တစ်ဦးအား သူ၏မိခင်နှင့်အတူ လမ်းတွင်အမှတ်မထင် သွားတွေ့ပါသည်။ ကျွန်တော်က “တက္ကသိုလ် တက်ဖို့ ဘယ်ဘာလျှောက်ထားတာ ရလဲ” ဟုမေးရာ မိခင်ဖြစ်သူက မြန်မာစာရကြောင်း၊ သမီးက နှာခေါင်းရှံု့သဖြင့် အခြား ဘာသာတစ်ခု ပြောင်းလျှောက်ထားကြောင်း ပြောပါသည်။ ထိုတပည့်မလေး၏ မိခင်မှာ မြန်မာလူမျိုးဖြစ်သော်လည်း ဖခင်က လူမျိုးခြားဖြစ်ပါသည်။ ထိုစကားကို နားထောင်ပြီး “ဒီကလေးမ မြန်မာသွေး မစစ်တော့သူမို့ ဒီလိုဖြစ်လေရသလား” ဟု တွေးမိရပါသည်။
နောက်တစ်ခါကတော့ကျွန်တော်နှင့် ရင်းနှီးသည့် မိသားစု တစ်ခုတွင်ဖြစ်သည်။ ဖခင်ဖြစ်သူက သမီးဖြစ်သူအား ဆုံးမနေသော စကားကို နားနှင့်ဆတ်ဆတ် ကြားခဲ့ရခြင်းဖြစ်သည်။ ထိုမိသားစုတွင် သမီးဖြစ်သူက မြန်မာစာဝါသနာပါသည်။ ကျောင်းမှာလည်း ကဗျာပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲတို့တွင် ဝင်ပြိုင်နေကျဖြစ်သည်။ အဖေလုပ်သူက ထိုကဲ့သို့ဝင်ဝင်ပြိုင်သည်ကို မကြိုက်။ တစ်နေ့တော့ သူ့သမီးကို ခုလိုပြောပါသည်။ “သမီးရဲ့ မြန်မာလို စာအုပ်တွေဖတ်မနေနဲ့၊ အဲဒီပြိုင်ပွဲတွေလည်း ဝင်ပြိုင်မနေနဲ့။ မြန်မာစာက ဖွတ်ချီး၊ မြန်မာစာတော်လို့ သမီး ဘာမှဖြစ်မလာဘူး၊ အင်္ဂလိပ်စာသာ တော်အောင်လုပ်၊ ကြားလား” ဟု ပြောလေ၏။ ကလေးမလေးက သူ့အဖေကို မျက်လုံးလေး အပြူးသားနှင့် ကြည့်နေပါသည်။ အဖေလုပ်သူကိုလည်း အပြစ်မဆိုသာပါ။ သူလည်း သူ့ဘဝ အတွေ့အကြံုနှင့်ယှဉ်ပြီး ပြောခြင်းဖြစ်ပါလိမ့်မည်။
ထို မိသားစုမှာ ရေမရောသည့် မြန်မာလူမျိုးစစ်စစ်များဖြစ်သဖြင့် ထိုသို့ကြားရသည်မှာ နည်းနည်းတော့ နားခါးစရာဖြစ်ပါသည်။ အင်္ဂလိပ်စာအရေးကြီးပါသည်။ ခေတ်ကာလအလျောက် အင်္ဂလိပ်စာမတတ်လို့ မဖြစ်မှန်း ဘယ်သူမှမငြင်းပါ၊ အင်္ဂလိပ်စာတော်မှ ခေတ်နှင့်ရင်ဘောင်တန်းနိုင်မည်ဆိုတာလည်း သွေးထွက်အောင်ပါသည်။ ယနေ့ခေတ်တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့်ဘက်ပေါင်းစုံ၌ အင်္ဂလိပ်စာသည် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ အင်္ဂလိပ်စာတတ်က အလုပ်ရ လွယ်သည်။ ရသည့်အလုပ်ကလည်း အဆင့်မြင့်နိုင်သည်။ လစာလည်းကောင်းမည်။ လူတကာကလည်း အထင်ကြီးမည်။ မြန်မာစာကမူ ထိုသို့မဟုတ်။ “ကျွန်တော်/ကျွန်မ မြန်မာစာ တော်ပါတယ်” ဟု ဆိုရုံမျှနှင့် အလုပ်အကိုင်ကောင်းကောင်း မရနိုင်။ မြန်မာစာတွင် အင်္ဂလိပ်စာလို အသုံးကျတန်ဖိုးမရှိ။ ထို့ကြောင့် မြန်မာစာမှာ မျက်နှာငယ်ရသည်။ ပင်ကိုဝါသနာပါသူတချို့မှလွဲ၍ တက္ကသိုလ်ကောလိပ်များတွင် မြန်မာစာအဓိကယူလိုသော ကျောင်းသားမရှိ။ တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ အမှတ်နည်းသူများသာ သင်ကြားကြသော ဘာသာရပ်တစ်ခု အဆင့်သို့ လျှောကျနေပါသည်။ ကျောင်းများတွင်လည်း မြန်မာစာသင်နိုင်သော ဆရာဆို၍ မများလှသလို မြန်မာစာထူးချွန်သူများလည်း သိပ်မထွက်လှပါ။
မြန်မာစာတွင် မျက်မှောက်ခေတ်အတွက် အသုံးကျတန်ဖိုးမရှိရုံမျှနှင့် ပစ်ပယ်ထားလိုက်ရမည်လော။ မြန်မာစာတွင် ပကတိတန်ဖိုး မရှိတော့ပြီလေ။ တကယ်ပဲ မြန်မာစာ “ဖွတ်ချီး” ဖြစ်သွားပြီလော။ ဒါဆို ရှင်မဟာရဋ္ဌသာရတို့၊ ပြည်နဝဒေးကြီးတို့၊ ဦးပုညတို့လို လူတွေဘယ်နားသွားထား မည်နည်း။ ဆရာဇော်ဂျီ၊ သိပ္ပံမောင်ဝ၊ ပီမိုးနင်း၊ ရွှေဥဒေါင်း စသူတို့ကို ဘယ်ချောင်သွားထိုးမည်နည်း။
အင်္ဂလိပ်စာသည် ကမ္ဘာ့ပညာရပ်အားလုံးနှင့် ဆက်သွယ်ရာ ဝင်ပေါက်ဖြစ်သည်ဟု အဆိုရှိသည်။ ကျွန်တော်တို့နိုင်ငံတွင် ခေတ်မီဝိဇ္ဖာ သိပ္ပံပညာရပ်များအားလုံးကို မြန်မာမှုမပြုနိုင်သေး။ ထို့ကြောင့် အင်္ဂလိပ်စာ မတတ်လျှင် ထိုဘာသာရပ်များကို မလေ့လာ မဖတ်ရှုနိုင်။ အင်္ဂလိပ်စာ မတတ်လျှင် ကွန်ပျူတာ မကိုင်နိုင်။ ဒါကြောင့် အင်္ဂလိပ်စာကို အရင်သင်ကြရသည်။ အင်္ဂလိပ်စာမတတ်သူက ရှေ့တန်းမရောက်နိုင်။ မျက်နှာသာအပေးမခံရ။ နေရာမရ။ ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း တိုင်းရင်းသား ဘာသာစကားနှင့် ကမ္ဘာသုံးဘာသာစာပေတို့အကြား အရေးပါမှုခြင်း ကွာဟသည့် ကိစ္စရှိနိုင်ပါသည်။ မည်သို့ဖြစ်စေ အင်္ဂလိပ်စာတတ်ဖို့ လိုရုံမျှနှင့် တိုင်းရင်းသားစာပေကို ကျွန်တော်တို့ ပစ်ပယ်လိုက်ရတော့မည်လော။ ရှေးဟောင်း ပြတိုက်ထဲ ထည့်သိမ်းထားလိုက်ရတော့မည်လော။
မြန်မာနိုင်ငံကို ဗြိတိသျှတို့အုပ်စိုးသည့်ခေတ်က မြန်မာစာနှင့် စကားသည် အထူးသဖြင့် မျက်နှာငယ်ရ ပါသည်။ မြန်မာစာသည် တောသူတောင်သား သာမန်အရပ်သားတို့ရေးသည့် စာပေတစ်ရပ်မျှသာ အဆင့်ရှိခဲ့ပါသည်။ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင်ကျောင်းများတွင် မြန်မာစာကို ဘာသာတစ်ရပ်အနေလောက်သာ အသိအမှတ်ပြုပြီး အင်္ဂလိပ်ကျောင်းများတွင်မူ မြန်မာစာကို လုံးဝ သင်ကြားခြင်းမပြုပါ။ ခေတ်ပညာတတ်ဆိုသော ကျောင်းသားများ၊ မြို့အုပ်များ၊ အရေးပိုင်နယ်ပိုင် လူတန်းစားကလည်း မြန်မာစာကို အထင်မကြီးကြီးကြ။ နောက်ပိုင်း မြန်မာစာကို ချစ်မြတ်နိုးကြသူတို့ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတို့မှ တစ်ဆင့် မြန်မာစာကိုလေ့လာလိုက်စားကြရန် အပတ်တကုတ် ကြိုးစားလှံု့ဆော်ခဲ့၍သာ မြန်မာစာကိုစိတ်ဝင်စားသူများ ပေါ်ပေါက်ခဲ့ရခြင်းဖြစ်သည်။ ရန်ကုန် တက္ကသိုလ်တွင်လည်း ဆရာကြီးဦးဖေမောင်တင်၏ကြိုးစားမှုကြောင့် မြန်မာစာဌာနဟူ၍ ပေါ်ပေါက်ခဲ့သလို ဆရာကြီးနှင့်တပည့်များဖြစ်သည့် ဆရာဦးစိန်တင် (သိပ္ပံမောင်ဝ)၊ ဆရာဦးသန့်စင်၊ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ် စသည့် ခေတ်စမ်းမြန်မာစာပေ၏ဖခင်ကြီးများ၏ ကျေးဇူးကြောင့်လည်း အင်္ဂလိပ်ခေတ်တွင် မြန်မာစာတစ်ခေတ်ကို ထူထောင်နိုင်ခဲ့ခြင်းဖြစ်ပါသည်။ ထိုပုဂ္ဂိုလ်ကြီးများသည် တစ်ဘက်က မြန်မာစာတွင် ကျွမ်းကျင်သူများဖြစ်ကြသလို အခြားတစ်ဘက်ကလည်း အင်္ဂလိပ်စာတွင် မညံ့ကြသူများဖြစ်သည်ကို သတိချပ်ကြစေချင်ပါသည်။
ယနေ့ခေတ်လို အင်္ဂလိပ်စာအရေးပါသောကာလတွင် မြန်မာစာကို လေ့လာလိုက်စားသူ၊ လိုက်စားချင်စိတ်ရှိသူ အလွန်ရှားပါသည်။ ကျောင်းများ၌လည်း အင်္ဂလိပ်စာ ထူးချွန်သူက ထင်ပေါ်၍ မြန်မာစာတွင် ထူးချွန်သူမှာမူ အချီးအမွမ်းသိပ်မခံရဘဲ မေ့လျော့ခံထားရပါသည်။ ဆရာများကလည်း အင်္ဂလိပ်စာတော်သူကိုသာ ချီးကျူးပြောဆိုကြသည်က များပြီး မြန်မာစာတော်သူတို့ကို အရေးတယူ သိပ်မရှိလှပါ။ တက္ကသိုလ်ကျောင်းသား မြန်မာစာအဓိကနှင့်ဟု ဆိုလိုက်လျှင် သိပ်အထင်မကြီးချင် ကြပါ။ မိဘများကလည်း မိမိတို့သားသမီးကို အင်္ဂလိပ်စာတော်တာ၊ ထူးချွန်တာကိုသာ မြင်လိုကြပါသည်။ ငွေကြေးတတ်နိုင်သူများက သားသမီးကို မြန်မာစာလုံးဝမသင်သည့် ပုဂ္ဂလိက ကျောင်းများတွင် အပ်နှံလေ့ရှိကြသည်။ အင်္ဂလိပ်စာဘက်ကိုသာဖိပြီး မဲကြသဖြင့် အင်္ဂလိပ်စာတော်သူ မရှားသော်လည်း သဒ္ဒါအသုံးအနှုန်း၊ စာလုံးပေါင်းသတ်ပုံမှအစ အလွဲလွဲအချော်ချော်နှင့် မြန်မာလို စာစီစာကုံးတစ်ပုဒ်ကိုတောင် ဖြောင့်အောင်မရေးတတ်တော့သူများ အတွေ့ရများလာသည်မှာ ဝမ်းနည်းစရာဖြစ်ပါသည်။
ဒါတင်မကပါ။ ယနေ့ခေတ် မြိုင်မြိုင်ဆိုင်ဆိုင် ထွက်ရှိနေကြသည့် စာနယ်ဇင်း၊ မီဒီယာများတွင် အသုံးပြုနေကြသည့် မြန်မာစာမှာလည်း အဆင့်အတန်းအတော်နိမ့်ကျကာ အမှားပေါင်း သောင်းခြောက် ထောင်နှင့် ဖြစ်လာပါသည်။ မြန်မာကရေးသည့် မြန်မာစာသည်ပင် ကမောက်ကမတွေ ဖြစ်လာပါသည်။ “ကင်မ်အဲရစ်သည် ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ယောက်အနက် အငယ်ဆုံးသားဖြစ်သည်” ဆိုသည့် အရေးအသားမျိုး၊ “ဒဏ်ရာကြောင့် ဝိန်းရွန်နီ ယနေ့ပွဲကို လွဲချော်မှာဖြစ်ပါတယ်” ဆိုသည့်အရေးအသားမျိုးတွေ ဖတ်လာရပါသည်။ ဒီစာအရေးအသားများကို ကျွန်တော်တို့တွေသာမက မြန်မာစာသင်ယူနေကြသည့် နိုင်ငံခြားသားများကလည်း ဖတ်ကြမည်မှာ အမှန်ဖြစ်သည်။ ကျွန်တော်တော့ ဒီ အမှားတွေ၊ ပေါက်ကရတွေကို မြင်သည့်သကာလ မြန်မာလိုဖတ်တတ်သည့် နိုင်ငံခြားများနှင့် ဆုံမိတိုင်း ဒီအကြောင်း စကားရောက်မည်ကိုပင် စိုးရွံ့ရှက်ကြောက်မိပါသည်။
ကမ္ဘာ့တိုင်းပြည်နိုင်ငံများတွင် နောက်ကျမှ ပေါ်ပေါက်လာသော စာပေတို့သည် မိမိတို့ထက်ပိုမို ရှေးကျသည့် ဘာသာစာပေတစ်မျိုးမျိုးကို အမှီသဟဲပြုရပါသည်။ အင်္ဂလိပ်စာသည် ဂရိ၊ လက်တင် စာပေတို့၏ အရိပ်အငွေ့မကင်းသလို မြန်မာစာသည်လည်း မိမိထက်ပို၍ရှေးကျပြီး ကြွယ်ဝသော ပါဠိ သက္ကတစာပေတို့၏ အရိပ်အငွေ့တို့ မကင်းပါ။ ပါဠိ (ခေါ်) မဂဓဘာသာကို အခြေပြုထားသော ဗုဒ္ဓဘာသာနှင့် ထိုဘာသာတွင် သက်ဝင်ယုံကြည်ကြသော လူမျိုးတို့သည် ယေဘုယျအားဖြင့် ယဉ်ကျေးသော စာပေပညာနှင့် ပြည့်စုံကြသူများ ဖြစ်ပါသည်။ သက္ကရာဇ်အခိုင်အမာ ပါရှိသော တွေ့ရှိရသမျှ မြန်မာကျောက်စာတို့တွင် မြန်မာသက္ကရာဇ် ၄၇၅ ခန့် (အေဒီ ၁၁၁၃ ခန့်) ကရေးထိုးခဲ့သော ရာဇကုမာရ် ကျောက်စာသည် အစောဆုံးဖြစ်သည်ဟု ဆိုထားသဖြင့် မြန်မာစာ၏သက်တမ်းသည် အနှစ် ၉၀၀ ခန့်ရှိပြီဖြစ်ပါသည်။ ခေတ်အဆက်ဆက်ရေးထိုးခဲ့သော ကျောက်စာများ၊ ပေစာ ပုရပိုက် စာများကို လေ့လာဖတ်ရှုကြည့်လျှင် မြန်မာစာ အဆင့်ဆင့် မည်မျှဖွံ့ဖြိုးတိုးတက်ခဲ့သည်၊ မြန်မာစာ မည်မျှရှေးကျသည်၊ စာပေပုံသဏ္ဌာန်အားဖြင့် မည်မျှအဆင့်မြင့်ပြီး ယဉ်ကျေးသည်ကို သိနိုင်ပါသည်။
မြန်မာလူမျိုး အတော်များများ ယနေ့အထင်မကြီးကြသော မြန်မာစာသည် သင်ကြားတတ်မြောက်ရ လွယ်ကူသော ဘာသာတစ်ခုမဟုတ်ပါ။ အကယ်၍များ တစ်ချိန်က နေမဝင်အင်ပါယာတစ်ခု စိုက်ထူခဲ့သည်မှာ အင်္ဂလိပ်လူမျိုးမဟုတ်ဘဲ မြန်မာလူမျိုးဖြစ်ခဲ့မည်ဆိုလျှင်တောင် မြန်မာစာနှင့်စကားသည် အင်္ဂလိပ်စာနှင့်စကားလို ကမ္ဘာသုံးဖြစ်ရန် မလွယ်ပါ။ မြန်မာစာလေ့လာသည့် နိုင်ငံခြားသားတစ်ဦးကို မေးကြည့်ပါက မြန်မာစာ/စကားအလွန်ခက်သည်ဟု ဖြေပါလိမ့်မည်။ မြန်မာတစ်ယောက်ပင်လျှင် ကိုယ့်ဘာသာစကားကိုလည်းကောင်း စာပေတွင်လည်းကောင်း ထုံးလိုကြေ ရေလိုနှောက် တတ်သိရန်မလွယ်ပါ။ အင်္ဂလိပ်စာသည် ပါရဂူမြောက်တတ်မြောက် တတ်ကျွမ်းရန် ခက်ခဲသည်မှန်သော်လည်း နှစ်လ သုံးလခန့် သေသေချာချာ လေ့ကျင့်သင်ယူလိုက်လျှင် ထမင်းစားရေးသောက် တတ်ကျွမ်းဖို့ သိပ်မခက်လှပါ။ အင်္ဂလိပ်စာကို ထိခိုက်လို၍ ပြောခြင်းမဟုတ်ပါ။ ကျွန်တော်ကိုယ်တိုင်လည်း အင်္ဂလိပ်စာကို ကျကျနန လေ့လာသင်ယူသူ ဖြစ်ပါသည်။ မြန်မာစာသည် တတ်မြောက်ရန်ခက်ခဲသော ထိုးထွင်းသိရန် ပို၍ခက်ခဲသော ဘာသာစာပေနယ်ပယ်တစ်ခုမှန်း သိသာစေလို၍ နှိုင်းယှဉ် တင်ပြခြင်း ဖြစ်ပါသည်။
မြန်မာစာသည် သင်ယူရခက်သလို သင်ကြားရလည်း ခက်သည့်ဘာသာဖြစ်သည်။ မြန်မာစာကို ဆရာတိုင်း မသင်နိုင်ပါ။ မြန်မာစာဆိုလျှင် အတော်များများ လက်တွန့်ကြသည်။ မြန်မာစာကို ထဲထဲ ဝင်ဝင် မလေ့လာဖူးသူတစ်ယောက် မြန်မာစာသင်လျှင် အိုးနင်းခွက်နင်းဖြစ်ပါသည်။ အခြားစာပေတို့နှင့် မတူသည့်အချက်က မြန်မာစာပေတွင် ဗုဒ္ဓစာပေနှင့်ပရိယတ္တိတို့ အမြစ်တည်စိုက်လျက်ရှိခြင်းပဲ ဖြစ်သည်။ မြန်မာစာပေအသုံးအနှုန်းများသည် ဗုဒ္ဓစာပေနှင့် မကင်းသောကြောင့် အထူးမွန်မြတ်သောစာပေမျိုးဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ခေတ်ကာလအရ အင်္ဂလိပ်စာမတတ်လျှင် မဖြစ်သည်မှာ မှန်သော်လည်း မြန်မာစာသည် အောက်တန်းမကျကြောင်း ပြောလိုပါသည်။ မြန်မာစာ အဓိကနှင့် ဘွဲ့ရ၍လည်း ဂုဏ်ငယ်စရာမလိုဟု ဆိုချင်ပါသည်။ အင်္ဂလိပ်ခေတ်တွင် မြန်မာစာကို အင်္ဂလိပ်အစိုးရက အသိအမှတ်ပြုလာရအောင် ကြိုးပမ်းခဲ့သော ဆရာကြီးဦးဖေမောင်တင်၊ မြန်မာစာပေ၏သူရဲကောင်းကြီးဟု ခေါ်ဆိုကြသော ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ အင်္ဂလိပ်စာရော မြန်မာစာမှာပါ မဟာဝိဇ္ဖာဘွဲ့များ ရခဲ့သော ဆရာဇော်ဂျီ၊ ခေတ်စမ်းစာပေအရေးအသားဖြင့် မြန်မာစာပေတစ်ခေတ်ဆန်းစေအောင် အားထုတ်ခဲ့သော ဆရာကြီး သိပ္ပံမောင်ဝ စသူတို့ကို သတိရနေမိပါတော့သည်။
“မြန်မာစာဈေးမရှိတာမို့၊ ဆွေးမချိနောက်ဘွယ်၊ ရှေးကဝိပျောက်ကွယ်သည်၊ အထောက်ဝယ်အိုချို့။ ။ စာကုံးမှုဖိုးမတန်သည်၊ ကျိုးမသန်ကြပ်တဲ့ခါမို့။ ရှေးမြန်မာထုံးမတွင်သည်၊ ချံုးမရွှင်သွေညို့၊ သုံးမဝင်အခြေရို့တာမို့၊ ကဝေတို့နွမ်းနယ်၊ အေဘီစီအခြေစားလောက်မှ၊ အနေအထားဖြောင့်ဘု တကယ်၊ ခေတ်အလိုက် အရိုးကွယ်သည်၊ မျိုးအနွယ်တိမ်ခဲ့ပေါ့၊ နှိမ်ဖဲ့လို့အောက်ချတာ၊ ကြောက်ဘွယ့်အခါ၊ မျိုးမြန်မာအသုံးစာနှယ်၊ နှလုံးနာခေတ်ကြီးမို့လေး”
(၁၉၂၉ ခုနှစ်ထုတ် ယူနီဗာစတီကောလိပ်မဂ္ဂဇင်း အတွဲ ၂၁၊ အမှတ် ၁ ပါ မြန်မာစာဆရာကြီးဦးလင်း၏ တေးထပ်)
အတွေးအမြင်မဂ္ဂဇင်း (၂ဝဝ၄ ခုနှစ်ခန့်)
http://www.waiyanphone.net/2011/01/blog-post.html
0
responses to “
အို ဘယ့် မြန်မာစာ
”