ပဟေဠိဆန်သော မြန်မာစာပေ အရေးအသား
မြန်မာစာပေ သမိုင်းတွင် တစ်ခါတစ်ရံ၌ စာဆိုအချင်းချင်းသော် လည်းကောင်း၊ စာဆိုက စာဖတ်သူတို့အား လည်းကောင်း ဉာဏ်စမ်းလိုခြင်းကြောင့် စာပေဖွဲ့နွဲ့ရာတွင် တိုက်ရိုက်ရောဖွဲ့မှု မပြုဘဲ အတွေးအခေါ် စိတ်ကူးဉာဏ် ကြွယ်ဝစေရန် ရည်ရွယ်လျက် ပဟေဠိဆန်သော အရေးအသားမျိုးဖြင့် ရေးသားမှု ပြုခဲ့ကြသည်။ မြန်မာစာပေတွင် ပဟေဠိဆန်သော အရေးအသား ရေးနည်းများစွာ ရှိခဲ့သည်။
အတိတ်ခေတ် မြန်မာစာပေတွင် ပဟေဠိဆန်သော အရေးအသားမျိုးကို ရတု၊ ရကန်၊ မော်ကွန်း၊ ပျို့၊ ဧချင်း စသော ကဗျာ လင်္ကာများ၌ အလျဉ်းသင့်သည်နှင့်အမျှ ထည့်သွင်း ဖွဲ့ဆိုမှု ပြုသကဲ့သို့ တစ်ခါတစ်ရံ၌ ပဟေဠိဆန်အောင် တီထွင်ရေးသားနည်းကိုလည်း အသုံးပြုခဲ့ကြသည်။ ပဟေဠိဆန်သော မြန်မာ အရေးအသားနည်းသည် တစ်ဦးနှင့် တစ်ဦး ဉာဏ်စမ်းခြင်းသဘော၊ တစ်ဦးထံတစ်ဦး လျှို့ဝှက်စာရေးခြင်း သဘောဟု ဆိုသင့်သည်။
အတိတ်ခေတ် မြန်မာစာပေ၏ အသုံးများခဲ့သော ပဟေဠိဆန်သည့် စာပေရေးနည်းများကား ဒူးဂဏန်းရေးနည်း၊ ကျေးဂဏန်းရေးနည်း၊ ကျောက်စာဂဏန်းရေးနည်း၊ ပိတုန်းပျံဝဲရေးနည်း၊ ဝါးခွဲရေးနည်း၊ ကြာရေးနည်း၊ ပိဋကတ်သင်္ချာရေးနည်း၊ မှောင်စာရေးနည်း စသည်တို့ဖြစ်သည်။ဒူးဂဏန်းရေးနည်း ဟူသည် ‘က၊ ခ’ စသော အက္ခရာများ၏ နေရာတွင် ‘၁၊ ၂၊ ၃’ စသော သင်္ချာကိန်းဂဏန်းများကို ဖလှယ်အသုံးပြု ရေးနည်းဖြစ်၏။ ဖလှယ်အသုံးပြု ရေးရာတွင် နည်းစနစ်ရှိသည်။ သတ်မှတ်ချက် ရှိသည်။ ယင်းနည်းစနစ် သတ်မှတ်ချက်များကို-
“လောကဖွယ်ရာ၊ လူတို့ရွာ၌၊ မှတ်ပါထူးဆန်း၊ ဒူးဂဏန်းကို၊ ခွဲခြမ်းသေချာ၊ နိဒါန်းဖြာပိမ့်၊ ‘အစ်’ မှာကား ‘က’၊ ‘ဒွေး’ ကို ‘ခ’ တည့်၊ ‘င’ ကို ‘တြိန်း’၊ သင်္ချာကိန်းချ၊ ‘ဇေယျ-စတု’၊ ဆ-မူ-ပဥ္စ၊ ‘သော’ ကို ‘ညံ’ တည့်၊ ‘သတ္တံ-တ-ယူ’၊ ‘အဋ်္ဌ’ မူကား ‘ထ’၊ ‘နော’ ကို ‘န’ တည့်၊ ‘ပ’ ကို အစ်ဖော်၊ နှစ်ခုမြော်၏။ ဒွေးဖော်နှစ်ခု ‘ဖ’ ကိုယူလော့၊ သုံး-သုံးနှစ်ပါး၊ ‘မ’ ကိုထားမှ၊ ‘ယ’ ကား ‘ဇယ’၊ နှစ်ထပ်ပြ၏။ ပဥ္စဒွေးဖော် ရလျှင်ခေါ်၏။ လသော်တစ်မူ ‘သော’ ယှဉ်တူတည်း၊ ‘ဝ’ မူ သတ္တ၊ တူကွမတွာ၊ ‘သ’ မှာမှန်ငြား၊ လေးပါးအစွန်း၊ ဝန်းဝန်းထပ်လှောက်၊ သေးသေးပေါက်လော့”ဟူ၍ ဖွဲ့ဆို လမ်းညွှန်ခဲ့သည်။ ယင်းကဗျာ လမ်းညွှန်ချက်ကို ပုံပြဇယားဖြင့် ဖော်ပြရလျှင်
က | ခ | င | စ | ဆ | ည | တ | ထ | န | |
၁ | ၂ | ၃ | ၄ | ၅ | ၆ | ၇ | ၈ | ၉ | |
ပ | ဖ | မ | ယ | ရ | လ | ဝ | သ | ဟ | အ |
၁ | ၂ | ၃ | ၄ | ၅ | ၆ | ၇ | ၈ | ၉ | + |
၁ | ၂ | ၃ | ၄ | ၅ | ၆ | ၇ | ၈ | ၉ |
ဟူ၍ ‘က၊ ခ၊ င’ အက္ခရာများကို ‘၁၊ ၂၊ ၃’ ကိန်းဂဏန်းများဖြင့် ဖလှယ် ရေးသားထားကြောင်း ဖော်ပြသတ်မှတ်ခဲ့သည်။
ကျေးဂဏန်း ရေးသားနည်းဟူသည် ဒူးဂဏန်း ရေးသားနည်းနှင့် ဆင်ဆင်တူသည်။ ဒူးဂဏန်း ရေးသားနည်း နည်းစနစ်အတိုင်း ‘က၊ ခ၊ င၊ စ၊ ဆ၊ ည၊ တ၊ ထ၊ န၊ ပ၊ ဖ၊ မ၊ ယ၊ ရ၊ လ၊ ဝ၊ သ၊ ဟ၊ အ’ အက္ခရာများကို ‘၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ရ၊ ၈၊ ၉’ ကိန်းဂဏန်းများဖြင့် ဖလှယ်ရေးသားမှု ပြုသည်။ ခြားနားချက်မှာ သက်ဆိုင်ရာ ကိန်းဂဏန်းများတွင် ‘လုံးကြီးတင် (–ိ) နှင့် ရှေ့ဆီး၊ ဝစ္စနှစ်လုံးပေါက် (–း) ထပ်၍ ထည့်သွင်းအသုံးပြု ရေးသားနည်းမျိုး ဖြစ်သည်။ ‘အ’ ဟူသော အက္ခရာကိုမူ ကျေးဂဏန်းဖြင့် ရေးရာတွင် ‘၁’ ဂဏန်းကို သုံးလုံးဆင့်၍ ရှေ့ဆီး (ဝစ္စနှစ်လုံးပေါက် –း) ထည့်သွင်း ရေးသားရ၏။ ထိုသို့သော နည်းစနစ် သတ်မှတ်ချက်ဖြင့် ကျေးဂဏန်း ရေးနည်းပြုမှုကို-
“ကျေးဂဏန်းမှာ ဧကာအစ၊ နဝမအဆုံး၊ ရေးနည်းထုံးလာ၊ စဉ်တိုင်းသာတည့်၊ မှတ်ရာကွန့်မြူး၊ ထူးသည့်အရေး ရှေ့ဝစ္စနှင့်၊ ပေါ်ကလုံးကြီး၊ တင်စီးမြဲမှတ်၊ တစ်ရပ် ‘ပ’ က၊ ‘ဟ’ အက္ခရာ၊ တိုင်အောင်သာလျှင်၊ သင်္ချာဧက၊ အာဒိစ၍ နဝသို့ရောက်၊ ဒွေးဖော်လှောက်၍၊ အံ့လောက်လုံးကြီး၊ ပေါ်ကစီးသည်၊ စဉ်တိုင်းစီးမှ၊ တစ်သီးဝစ္စ၊ ရေးနည်းပြ၍၊ ရေးပြအပ်ရာ၊ ‘အ’ မှာ ‘ဧက’၊ သုံးဆင့်ချ၍၊ ဝစ္စလုံးကြီး၊ ပေါ်ကစီးသည်၊ တစ်သီးမှတ်ရန်၊ မှတ်ခမ်းတည်း”
က | ခ | င | စ | ဆ | ည | တ | ထ | န | |
၁ိး | ၂ိး | ၃ိး | ၄ိး | ၅ိး | ၆ ိး | ၇ိး | ၈ိး | ၉ိး | |
ပ | ဖ | မ | ယ | ရ | လ | ဝ | သ | ဟ | အ |
၁ိး | ၂ိး | ၃ိး | ၄ိး | ၅ိး | ၆ ိး | ၇ိး | ၈ိး | ၉ိး | ၁ိး |
၁ | ၂ | ၃ | ၄ | ၅ | ၆ | ၇ | ၈ | ၉ | ၁ |
၁ |
ဟူ၍ ဖြစ်သည်။
ရေးချ (–ာ) ရေးလိုလျှင်၊ ‘၁’ ဂဏန်းကို သက်ဆိုင်ရာ အက္ခရာ၏ အပေါ်မှ စီး၍ ရေးရသည်။ လုံးကြီးတင် (–ိ) ကို Justify Fullရေးလိုလျှင် ‘၂’ ဂဏန်းကို သုံးသည်။ လုံးကြီးတင်ဆန်ခတ် (–ီ) အဖြစ် ‘၃’ ဂဏန်းကို ရေးသည်။ တစ်ချောင်းငင် (–ု) အဖြင့် ‘၄’ ဂဏန်း၊ နှစ်ချောင်းငင် (–ူ) အဖြစ် ‘၅’ ဂဏန်း၊ သဝေထိုး (ေ–) အဖြစ် ‘၆’ ဂဏန်း၊ အသတ် (–်) အဖြစ် ‘၇’ ဂဏန်းကို အသီးသီး အသုံးပြုရသည်။ ကျောက်စာဂဏန်း ရေးနည်းကို-
“ချလျှင် တစ်စီး၊ လုံးကြီး နှစ်တင်၊ သုံးလျှင် ဆန်ခတ်၊ လေးလျှင် အမြဲ အောက်ကဆွဲလော့၊ တစ်ကွဲနှစ်ချောင်း၊ ငင်ပြန်ရှောင်းမူ၊ ငါးလျှင် ဟူ၏၊ ခြောက်မူသဝေ၊ သတ်ရေသမျှ၊ အောက်ကအမြဲ ခုနစ်ဆွဲတည့်၊ ပင့်မြဲမောက်ချ၊ ရစ်ထလိမ်ကွေး အောက်ပင့် ‘ဧ’ တည့်၊ ရေးလေအမြဲ ဝဆွဲလုံးကြီး၊ တင်တုံပြီးမှ၊ လုံးကြီးဝဆွဲ၊ ဟဆွဲလဆွဲ၊ နောက်ပစ်ကဲလော့၊ ပစ်မြဲနောက်ထိုး၊ ခေါ်ရိုးစဉ်ပင်၊ ကျောက်တွင်ရေးနည်း၊ ဤနည်းပုံယူ၊ နှလုံးမူ၍၊ ဖတ်သူပညာ၊ ရေးထည့်မှာသည်၊ နောင်လာသူများ မှတ်ထားဖို့၊ ‘ဂ’ ငယ်ဟူသည်၊ ဝသဇ္ဇနီ၊ အညီရေးအပ်စွာ”ဟူ၍ ဖွဲ့ဆိုလမ်းညွှန်ခဲ့သည်။
ပိတုန်းပျံဝဲရေးနည်း ဟူသည် ရေးလိုသော စာလုံးစုစုပေါင်းသည် စုံဂဏန်း ဖြစ်ရမည်။ ယင်းစာလုံးစုစုပေါင်းကို (၂) ဂဏန်းဖြင့် စား၍ ပြတ်ရမည်။ အဖြောင့်ရေးသားထားသော စာတစ်ကြောင်းကို ပိတုန်းပျံဝဲရေးနည်းဖြင့် ရေးသားလိုလျှင် ရှေးဦးစွာ ပထမဆုံးစာလုံးကို ရေးရမည်။ ထို့နောက် စာလုံးတစ်လုံးကျော်စီ ကောက်ယူရေးရမည်။ စာကြောင်းဆုံးသွားလျှင် ဒုတိယစာလုံးကို ပြန်ကောက်ပြီး ထိုမှတစ်ဆင့် တစ်လုံးကျော် ပြန်ကောက်နည်းဖြင့် ဆက်လက်ရေးသား ရမည်ဖြစ်သည်။
‘မြန်မာစာပေသမိုင်းတွင် မော်ကွန်းစာပေသည် အထင်အရှား ရပ်တည်လျက် ရှိနေသည်’ ဟူသော ဝါကျကို ပိတုန်းပျံဝဲနည်းဖြင့် ရေးသားလျှင် ‘မြန်စာသတွင် ကွန်းပေအအ ရပ်လျက်နေ မာပေမိုင်းမော် စာသည်ထင်ရှား တည်ရှိသည်။’ ဟူ၍ ရေးရမည်။ အကယ်၍ ပိတုန်းပျံဝဲရေးနည်းကို မူရင်းအဖြောင့်ဝါကျသို့ ပြန်လည် ရေးလိုလျှင် ဦးစွာ စာလုံးများကို အလယ်မှ ထက်ဝက်ပိုင်းပါ။
မြန် စာ သ တွင် ကွန်း ပေ အ အ ရပ် လျက် နေ
မာ ပေ မိုင်း မော် စာ သည် ထင် ရှား တည် ရှိ သည်။
ဝါးခွဲရေးသားနည်း ဟူသည် ပိတုန်းပျံရေးသားနည်း ကဲ့သို့ပင် ရေးသားမည့် စာလုံးရေ စုစုပေါင်းသည် စုံဂဏန်း ဖြစ်ရမည်။ ရှေးစာလုံးကို ဦးစွာရေးသားပြီးနောက် တစ်လုံးကျော်စီ ကောက်ယူရေးရမည်။ ဝါကျဆုံးသွားသောအခါ ရှေ့ပိုင်းရှိ ဒုတိယစလုံးကို တစ်ဖန်ပြန်ကောက်ပြီး တစ်လုံးကျော်စီ ပြန်ကောက်ယူရေးနည်းမျိုး ဖြစ်သည်။
‘လွတ်လပ်ရေးသည် တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ပါး ဖြစ်ပေသည်’ ဟူသော ဝါကျကို ဝါးခွဲနည်းဖြင့် ရေးသားလျှင် ‘ပေပါးနာရ နိုင်မတန်ရေး လွတ်လပ်သည်ဖိုး ဖြတ်သောတတစ် ဖြစ်သည်’ ဟူ၍ ရေးရမည်။ ဝါးခွဲရေးနည်းကို အဖြောင့်ပြန်လည် ရေးလိုလျှင် ရှေးဦးစွာ ဝါကျ၏ စာလုံးရေးကို ထက်ဝက်ပိုင်းပါ
ပေ ပါး နာ ရ နိုင် မ တန် ရေး လွတ်
လပ် သည် ဖိုး ဖြတ် သော တ တစ် ဖြစ် သည်။
အပေါ်ပိုင်း၏ နောက်ဆုံးစာလုံးကို ဦးစွာ။ ထို့နောက် အောက်ပိုင်း၏ ပထမဆုံးစာလုံးကို ဆက်ယူရေးရမည်။ ဤနည်းဖြင့် အပေါ်ပိုင်း၏ နောက်ဆုံးစာလုံးနှင့် အောက်ပိုင်း၏ ရှေ့ဆုံးစာလုံးတို့ကို တွဲ၍ ရေးသားခြင်းဖြင့် မူရင်းအဖြောင့် အဓိပ္ပာယ်ကို ရရှိစေမည် ဖြစ်သည်။
ကြာရေးသားနည်း ဟူသည် ကြာပန်းတွင် ပွင့်ချပ်များ ပတ်လည်ဝန်းရံနေ သကဲ့သို့ စာကို ဝိုင်းလယ်ကောက် စနစ်ဖြင့် ရေးနည်းဖြစ်သည်။ စာလုံးရေ (၃၅) လုံးကိုသာ ကြာရေးသားနည်းဖြင့် ရေးနိုင်သည် အကယ်၍ စာလုံးရေ (၃၅) လုံးထက် ပိုနေလျှင် ပထမစာလုံး (၃၅) လုံးကို စနစ်တစ်နည်းဖြင့် လည်းကောင်း၊ ကျန်သောစာလုံးများကို အခြားစနစ် တစ်နည်းဖြင့် လည်းကောင်း ရေးသားရမည် ဖြစ်သည်။‘အဖြစ်အပျက် တစ်ခုခုကို သာသာယာယာ သီဆိုနိုင်ရန် ရေးဖွဲ့ထားသောကြောင့် သာချင်းဟု အမည်ပေးခဲ့ခြင်း ဖြစ်မည် ဟူ၍ ပညာရှင်တို့ ကြံဆကြသည်’ ဟူသော ဝါကျကို ကြာရေးသားနည်းဖြင့် ရေးသားလျှင် ‘အဖြစ်အပျက် တစ်ခုခုကို သာသာယာယာ သီဆိုနိုင်ရန် ရေးဖွဲ့ထားသောကြောင့် သာချင်းဟု အမည်ပေးခဲ့ခြင်း ဖြစ်မည် ဟူ၍ ပညာ’ အထိ စလုံးရေ (၃၅) လုံးကို စနစ်တစ်မျိုးဖြင့် ရေးသားရမည်။ ကျန်သော ‘ရှင်တို့ ကြံဆကြသည်’ ဟူသော အပိုစာလုံး (၆) လုံးကိုမူ အခြားရေးနည်းစနစ် တစ်နည်းဖြင့် ရေးသားရမည် ဖြစ်သည်။
ကြာရေးသားနည်းအရ ပထမစာလုံး (၃၅) လုံးကို တစ်ပိုဒ်ရေးသားရာတွင် ဦးစွာ (၃၅) လုံးမြောက် စာလုံးမှ ရှေ့သို့ ပြန်လည်ရေတွက်၍ (၁၂) လုံးမြောက် စာလုံးတိုင်းကို တစ်လုံးချင်းစီ ယူ၍ ရေးရမည်။
‘အဖြစ်အပျက် တစ်ခုခုကို သာသာယာယာ သီဆိုနိုင်ရန် ရေးဖွဲ့ထားသောကြောင့် သာချင်းဟု အမည်ပေးခဲ့ခြင်း ဖြစ်မည် ဟူ၍ ပညာ’ ဟူသော စာလုံး (၃၅) လုံးကို ကြာရေးသားနည်းစနစ်အတိုင်း ရေးသားလျှင် ‘ဟုယာညာချင်း ယပသာသာ၍ ကြောင့်သာဟူသောကို မည်ထားဖြစ်ဖွဲ့ချင်း ရေးတခဲ့ရန် ပျက်ပေးနိုင်အမည် ဆိုဖြစ်အသီအ’ ဟူ၍ ရေးရမည် ဖြစ်သည်။
ယင်းရေးသားနည်းကို အဖြောင့် ပြန်ရေးလိုလျှင် နောက်ဆုံးစာလုံး ‘အ’ ကို ရှေးဦးစွာရေး၍ ရှေးစာလုံး (၂) လုံးကျော်စီ ပြန်ကောက်ရေးသားရမည် ဖြစ်သည်။‘ရှင်တို့ ကြံဆကြသည်’ ဟူသော ကျန်သော စကားလုံး (၆) လုံးကိုမူ ပြောင်းပြန်လှန်ရေးသော စနစ်ကို အသုံးပြု၍ ‘သည်ကြဆကြံတို့ရှင်’ ဟူ၍ ရေးရမည် ဖြစ်သည်။
မှောင်စာရေးသားနည်း ဟူသည် ကြက်သွန်နီကိုကြိတ်၊ အရည်စစ်၍ ယူရမည်။ ဆပ်ပြာရည်ကြည်ကြည်၊ ထုံးဖြူအရည်ကြည်ကြည်တို့နှင့် သမအောင် ရောနှောရမည်။ ထို့နောက် စက္ကူတွင် ရေးရမည်။ ဤနည်းဖြင့် ရေးသောစာကို ရိုးရိုးဖတ်၍ မရ၊ မီးတွင်ပြ၍ ဖတ်မှသာ ဖတ်၍ရနိုင်ပေသည်။
အတိတ်ခေတ်၏ မြန်မာ ပဟေဠိဆန်သော စာပေအရေးအသားများတွင် ပိဋကတ်သင်္ချာ ရေးနည်း၊ ခြင်္သေ့လည်ပြန် ရေးနည်း၊ သုဝဏ္ဏလိပ် ရေးနည်း၊ မြွေပွေးတွင်းလူး ရေးနည်း၊ ခွေးလေးခုန်ရေးနည်း၊ သုံးလွန်းတင် ရေးနည်း၊ ငပြေတက်သက် ရေးနည်း၊ နှစ်လွန်းတင် ရေးနည်း၊ နုရည်းစရာ ရေးနည်း၊ မြူးဂဏန်း ရေးနည်း၊ မနောဟရ ရေးနည်း၊ ရင်စေ့ရင်ခွာ ရေးနည်း၊ မျောက်ဂဏန်းရေးနည်း သမဏ္ဍလိပ် ရေးနည်း စသည်ဖြင့် နည်းအမျိုးမျိုး ရှိခဲ့သည်။
ထိုနည်းအမျိုးမျိုးတိုင်းတွင် ရေးနည်းစနစ်တကျ သတ်မှတ်ချက်များ ရှိသည်။ အတိတ်ခေတ် ပဟေဠိဆန်သော မြန်မာအရေးအသား နည်းစနစ်များသည် ဉာဏ်စမ်းရေးနည်းများ၊ လျှို့ဝှက်စာရေးနည်းများ ဖြစ်၏။ ယခုအခါတွင် နည်းစနစ်ကို မဆိုထားဘိ၊ အမည်များကိုပင် မသိမရှိ၊ မထင်မရှား မှေးမှိန်ကွယ်ပျောက်လျက် ရှိနေပြီ ဖြစ်သည်။
ထို့ကြောင့် မြန်မာစာပေ၏ အဖိုးတန် အမြူတေ ရတနာများဖြစ်သော ပဟေဠိဆန်သည့် မြန်မာစာပေ အရေးအသားများအနက် အတိတ်ခေတ် မြန်မာစာပေ နယ်မြေတွင် ထင်ရှားအသုံးပြုခဲ့သော ပဟေဠိဆန်သည့် မြန်မာစာပေ အရေးအသားအချို့ကို လက်လှမ်းမီသမျှ ထုတ်ဖော်တင်ပြ လိုက်ရပေသည်။
လှမြင့် (ရန်ကုန်တက္ကသိုလ်)
0
responses to “
ပဟေဠိဆန်သော မြန်မာစာပေ အရေးအသား
”