ကျောင်းသားတို့ရယ်
စာရေးရာတွင်၊ သဒ္ဒါအရေးကြီးသည်ဟု ဆို၏။ သဒ္ဒါမတတ်က - စာမတတ်ဟုပင် အဆိုရှိ၏။ ထိုစကားမှာ၊ အလွန်ကြီးကျယ်လှသော စကားဖြစ်ရာ၊ အနည်းငယ် စာရေးချင်၊ စာရေးသင်စ သူများမှာ ထိုစကားကို ကြားရလျှင်၊ ကြက်သီးဖြန်းဖြန်းထမတတ် ကြောက်ရွံ့ကာ၊ နောက်တွန့်သွားကြရလေသည်။ သို့သော်သဒ္ဒါဆိုသည်ကား၊ "ဘာလဲ" ဟုမေးလျှင်၊ ဝေါဟာရ အခေါ်အဝေါ်ပင် ဖြစ်၏။ အတိုချုပ် ကျောင်းအခေါ်နှင့် ခေါ်ရလျှင်၊ ၀ါစင်္ဂတွေပင် ဖြစ်၍၊ ကျောင်း၌ ထိုသဒ္ဒါ ၀ါစင်္ဂများကို အပမ်းတကြီး သင်ကြရ၏။ ပညာရှိကြီးများ၊ (စာရေးဆရာကြီးများ)ကား ထိုဝါစင်္ဂများကို သင်နေဘို့ မလိုပေ။ အဘယ်ကြောင့်ဆိုလျှင်၊ ပညာရှိကြီးများ၊ စာရေးဆရာကြီးများ ရေးလိုက်သော၊ စာကြောင်း - ဝါကျဟူသမျှ၊ ထိုဝါစင်္ဂများမှာ၊ ပုလဲလုံး , ရွဲလုံး , များစီပြီးပါသကဲ့သို့၊ မလွတ်တန်း ပါနေပြီးသောကြောင့်တည်း၊
ပညာရှိတိုင်း သဒ္ဒါမတတ်
သို့သော် ပညာရှိကြီးများတိုင်း၊ ထိုသဒ္ဒါကျမ်းကြီးများကို တတ်ကြသည် မဟုတ်ပေ။ မတတ်သော်လည်း၊ သဒ္ဒါနည်းကျကျ - ထိုဝါစင်္ဂတွေ မလွတ်အောင် ရေးနိုင် ချွတ်နိုင်သည်ကို ထောက်လျှင် လူနားလည်အောင် ရေးနိုင်စွမ်းရှိသော ပညာရှိတို့၏ သုံးနည်း နှုန်းနည်းများပင် သဒ္ဒါ ခေါ်ကြောင်း မှတ်ယူအပ်ပေသည်။ အဘယ်ကြောင့်ဆိုလျှင် သဒ္ဒါကျမ်းကို အကြင်ပုဂ္ဂိုလ် တဦးတယောက်က၊ စတင်တည်ထွင် စီစဉ်၍၊ ထိုသဒ္ဒါကျမ်း ထွက်ပေါ်လာရသည်ဟုဆိုအံ့၊ ထိုသဒ္ဒါကျမ်း မထွက်ပေါ်လာမီ၊ ထိုပုဂ္ဂိုလ်ကား၊ အဘယ်ကျမ်းကို မှီ၍ရေးခဲ့လေသနည်း - ဟု မေးဘွယ် အစွန်းထွက်နေရပေသည်။ ထိုသဒ္ဒါကျမ်းဆရာ မှီ၍ ရေးသော သဒ္ဒါကျမ်း တစောင်ရှိနေမည်ဆိုက၊ ထိုကျမ်းထက်၊ အလျင်ကျမ်းလည်း ရှိရဦးမည်သာ ဖြစ်တော့၏။ ထို့ကြောင့်၊ ပညာရှိကြီးတို့ ရေးသမျှကား၊ သဒ္ဒါပင်ဖြစ်ကြောင်း၊ အလွယ်ဆုံး မှတ်ယူရပေသည်။ (ဝါ) လူအများ နားလည်အောင်ရေးနိုင်လျှင်၊ သဒ္ဒါနိုင်သည်ဟုပင် ဆိုရပေမည်။ ပညာရှိများကား၊ လူအများ နားလည်အောင် ရေးနိုင်ကြသည်။ မည်မျှပင် ပညာရှိဟု ဆိုသော်လည်း၊ လူအများ နားလည်အောင် မရေးနိုင်က ပညာရှိ မပီသနိုင်၊ မဟုတ်နိုင်၊ သဒ္ဒါတတ်သူ မခေါ်တော့ပေ။ကျောင်းစာနှင့် - အရပ်စာ
ထို့ကြောင့်၊ ကျောင်းစာနှင့် အရပ်စာ (ဝါ) မဂ္ဂဇင်း ဂျာနယ်များ၌ ရေးနေကြသော စာများမှာ အလွန်ကြီးမတူလှကြောင်း ကျောင်းသားများ မှတ်အပ်ပေ၏။ သို့မတူသော်လည်း၊ အဘယ်စာဖြစ်ဖြစ် အချုပ်မှာသော်ကား၊ လူနားလည်အောင် ရေးနိုင်ဘို့သာ လိုပေ၏။ စာရေးနည်း ဆိုသည်ကား၊ ဝါစင်္ဂတွေ - အပြုံလိုက် - နင့်အောင်သုံးဘို့မလို။ လူနားလည်ဘို့သာ လို၏။ ဥပမာ အားဖြင့်ဆိုလျှင် သား ငါး - ဟင်ရွက် မျိုးစုံပေါသော ဈေးကြီး တခုအတွင်းသို့၊ စဖိုသည် လက်သစ်တယောက်အား ခေါ်သွား၍ပြ၏။ သို့သော် ထိုစဖိုသည်အား၊ ထိုသား၊ ထိုငါး၊ ဟင်းရွက်မျိုးစုံကို၊ အကုန်တခါတည်း၊ ချက်ပြုတ်ရန် ပြခြင်းမဟုတ်။ နော့အလိုရှိသည့်အခါ၊ အလိုရှိရာ သိနားလည် ရွေးယူရန်သာပြခြင်းဖြစ်ရာ၊ ထိုစဖိုသည်ကား၊ အစပ်တဲ့ရာ တမယ်ကောင်း နှစ်မယ်ကောင်းကို၊ ရွေးယူချက်ပြုတ်ရာ၏။ ထိုနည်းတူ၊ ကျောင်းသုံးစာနှင့် အရပ်သုံးစာ ကွဲပြားကြောင်းကို၊ ကျောင်းသား စဖိုသယ်သည် သိရာ၏။ လိုရင်းအချုပ်ကား ဟင်းဖြစ်၍ စားကောင်းဘို့ (ဝါ) လူနားလည်ဘို့သာ လိုရင်းဖြစ်၏။ လူနားမလည်က၊ အဘယ်မျှပင် ရေးထားသော်လည်း၊ အဆိပ်ဟင်း ချက်ထားသလို၊ ဘာဝါစင်္ဂ - ဘာသဒ္ဒါမှ မဟုတ်နိုင်တော့ပေ။ ထိုနည်းတူ၊ လူနားလည်က၊ ထိုသဒ္ဒါ ထိုဝါစင်္ဂ တို့မှာ အလိုလို ပြည့်စုံ ပြီးမြောက်ပြီး ဖြစ်ကြောင်း မှတ်ရာသည်။ ထို့ကြောင့်၊ ပညာရှိကြီးများ စာရေးဆရာကြီးများကား၊ လူနားလည်ဘို့ရာသာ အဓိက ထားရေး၏။ သို့ရေးသည့်အတိုင်း ၎င်းတို့၏ စာများ၌လည်း၊ သဒ္ဒါတွေ ဒင်းကြမ်းပြည့်၍ ပါနေသည်။ အင်္ဂလိပ်စာပေ၌၊ ဒေါက်တာ ဂျွန်ဆင်ရေးနည်းမှာ၊ အလွန်ပြတ်သား ရှင်းလင်းသဖြင့်၊ ဂျွန်ဆင်ရေးနည်းဟု ခေါ်ကြ၏။ ထိုနည်းတူ ရှိတ်စပီးယား ရေးနည်း၊ တိုင်ရွန်ရေးနည်း၊ ဆာဝေါလတာစကော့ ရေးနည်းဟူ၍ အသီးသီး ရှိကြ၏။နက်နဲသောစာ
သို့သော် ဆာဝေါလတာစကော့ ရေးနည်းမှာ နက်နဲလိမ်ရှုတ်ကာ၊ စဉ်းစား၍ ဖတ်ယူ မှတ်ယူရသဖြင့်၊ ယခုလူအချို့က မကြိုက်ကြပေ။ ယခင်အခါများ၌သာ၊ ဝေါလတာ၏ စာများကို၊ ကြိုက်နှစ်သက်သော်လည်း၊ ယခုအခါမှာ ထိုသို့နက်နဲလိမ်ရှုပ် စဉ်းစားခန်းထုတ်နေကြသော စာများကို ပေါ်ပေါ်လွင်လွင် မရှိသဖြင့်၊ ကြိုက်ကြလိမ့်မည် မဟုတ်ဟု ဆိုကြ၏။ ထိုစကားများနှင့် စပ်လျဉ်း၍ပင် အမေရိက စာရေးဆရာကြီး (အိုဟင်နရီ)ဆိုသူမှာ စကားကို၊ ပြတ်ပြတ်သားသား၊ ပေါ်ပေါ်လွင်လွင်၊ ဘန်းစကားရော ကျဘန်းစကားရော - မရှောင်၊ လူနားလည်အောင် ရေးတတ်၏။ ထိုသို့ရေးခြင်းနှင့်ပတ်သက်၍ စာပေဆိုင်ရာ ပရော်ဖက်ဆာကြီး များကပင်၊ အပြစ်ဆိုကြကုန်၏။ သို့သော် အိုဟင်နရီ၏ စာများမှာ၊ လူကြိုက် တဖြည်းဖြည်း များလာပြီးလျှင်၊ အိုဟင်နရီ ရေးနည်း ဟူ၍ပင် ဖြစ်ပေါ်ခဲ့လေသည်။စကားအရောရော
အချုပ်သောကား၊ ကျဘန်းစကား ဘန်းစကားဟူ၍ သီးခြားမရှိပေ။ စကားသစ် စကားဆန်း ပေါ်လာခြင်းသာ ဖြစ်ရာ၊ မည်သည့်စာပေ စကား များ၌မှ၊ လက်ရွေးစင် စစ်စစ်မရှိဘဲ၊ အင်္ဂလိပ်ဘာသာ စကား၌၊ အီတလီ(လက်တင်) ဂျာမနီ (ဆက်ဇွန်) မှစ၍၊ မလေးစကား - ကုလားစကားများပင် ရောပြွမ်းကာ၊ ကျွန်ုပ်တို့ မြန်မာစကား၌လည်း၊ ပါဠိ မာဂဓ စကား၊ ကုလားစကား၊ ပြူ - ကမ်းယံတို့ စကားများ၊ ရောပြွမ်းလျက် ရှိလေသည်။ ထိုနည်းတူပင် ဝေါဟာရနှင့် ပေါရာဏတို့ ဆိုသည်မှာလည်း၊ ယခုပြောနှင့် နောက်ပြောစကားများပင် ဖြစ်ရာ၊ ယခင်က ပြောသမျှ စကားတို့မှာ ကာလရှည်မြင့်သော် ပေါရာဏ ဖြစ်ကုန်လျက်၊ ယခု ကျွန်ုပ်တို့ပြောသော ဘန်းစကားများမှာလည်း၊ ကာလ ရှည်မြင့်သော် ဝေါဟာရ ဖြစ်ရမည်သာတည်း။ စနေနဂါးနီ ဂျာနယ် အတွဲ (၂)၊ အမှတ် (၁၈)- (၅.၁၀.၄၀) စာမျက်နှာ-၁၂ မှ စာလုံးပေါင်းနှင့်တကွ ဆောင်းပါးတစ်ပုဒ်လုံးအား ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။